Xiaomi က မနက်ဖြန်မှာ  အလန်းစား Gaming ဖုန်း အသစ်ဖြစ်တဲ့ Black Shark 3 ကို ကြေညာတော့မှာပါ။ အခုတော့ အဲဒီဖုန်းရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ပုံကြမ်းနဲ့ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို တြိဂံပုံ တပ်ဆင်ထားပါတယ်။ Xiaomi CEO Lei Jun က အဲဒီဖုန်းရဲ့ ဒီဇိုင်းကို အသေးစိတ်လေ့လာနိုင်တဲ့ ဗီဒီယိုတွေကို အရင်က မျှဝေထားခဲ့ဖူးပါတယ်။

ဖုန်းရဲ့ အနောက်ဘက်မှာ LED Lighting Effects တွေ ထည့်သွင်းထားတာက ဒီဇိုင်းဆန်းသစ်ပြီး အလန်းဆုံး လုပ်ဆောင်ချက်က Mechanical Pop-up Shoulder Triggers တွေ ဖြစ်ပါတယ်။ ဂိမ်းကစားနေရင်းနဲ့ ဖုန်း အနောက်ဘက်ကနေ ကြိုးနဲ့ချိတ်ဆက် အားသွင်းနိုင်မယ့် Connector ကလည်း လန်းပါတယ်။

အခုထွက်လာတဲ့ ဓါတ်ပုံဟာ မှုန်ဝါးနေတဲ့အတွက် ကင်မရာတွေကို သေချာမမြင်ရပါဘူး။ ပင်မ ကင်မရာ အနေနဲ့ 64MP ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ရိုးရိုး အပြင် Pro မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး အဲဒီ မော်ဒယ် ၂ လုံးရဲ့ အဓိက ကွာခြားချက်က ဘက်ထရီ ဖြစ်ပါတယ်။ ရိုးရိုး မော်ဒယ်မှာ 4,720mAh နဲ့ Pro မော်ဒယ်မှာ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားမှာပါ။

ဖုန်း ၂ လုံးစလုံးမှာ 65W Fast Charging နဲ့ 120Hz Refresh Rate ပါလာနိုင်ပါတယ်။ နောက်ဆုံးထုတ် Snapdragon 865 Chipset မောင်းနှင်ထားပြီး 16GB RAM အထိ ရွေးချယ်နိုင်မှာပါ။ 3.5mm Audio Jack နဲ့ Type-C Port တပ်ဆင်ထားနိုင်ပါတယ်။ မနက်ဖြန်မှာ အဲဒီ ဖုန်းတွေကို မျက်ဝါးထင်ထင်မြင်ရတော့မှာပါ။

Ref : gsmarena