လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက Xiaomi ရဲ့ EV တစ်စီး တရုတ်နိုင်ငံရဲ့ Xiaomi စက်ရုံနားမှာ စမ်းသပ်မောင်းနှင်နေကြောင်း ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ နှစ်အတော်ကြာကတည်းက ကြိုးစားနေတဲ့ EV ကို ဈေးကွက်ထဲမပို့နိုင်သေးဘူးဆိုပေမဲ့ အခုတော့ အလုံးအထည်လိုက် ပေါ်ထွက်လာတာပဲ ဖြစ်ပါတယ်။

Tesla ကို ယှဉ်ပြိုင်လိုတယ်ဆိုတဲ့ Xiaomi ရဲ့ EV နဲ့ပတ်သက်ပြီး သိရတဲ့အချက်အလက်ကတော့ သိပ်အများကြီး မရှိသေးပါဘူး။ (အခုဖော်ပြထားတဲ့အချက်အလက်တွေကလည်း တရားဝင်ထုတ်ပြန်ထားတာ မဟုတ်သေးဘဲ ကောလာဟလ အဆင့်မှာပဲရှိပါသေးတယ်) Xiaomi ရဲ့ EV မှာ အခြေခံမော်ဒယ်မှာ 400V ဘက်ထရီ ပါရှိမယ်လို့ သိရပါတယ်။ ထိပ်တန်းမော်ဒယ်မှာတော့ 800V ဘက်ထရီ ပါဝင်မယ်လို့ သတင်းထွက်နေပါတယ်။

Xiaomi ရဲ့ EV တွေမှာ Qualcomm smart chip တွေနဲ့ NVIDIA Orin X တို့လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီ EV ရဲ့ အင်ဂျင်နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကတော့ လူသိရှင်ကြား ဖြစ်လာပါပြီ။ Xiaomi ဟာ ဒီ EV တွေကို ၂၀၂၃ ခုနှစ်မှာ တရားဝင်ထုတ်လုပ်ဖို့ စီစဉ်ထားပြီး ၂၀၂၄ မှာ အမြောက်အများ ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ Xiaomi ရဲ့ လျှပ်စစ်ကားဟာ Electrical power 260 kW ရှိမယ်လို့လည်း သိရပါတယ်။

ကားရဲ့တန်ဖိုးနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေကြပေမဲ့ ခန့်မှန်းတန်ဖိုးပဲ သိနိုင်ပါသေးတယ်။ လက်တလောထွက်ပေါ်နေတဲ့ ကိန်းဂဏန်းတွေကတော့ ဒေါ်လာ ၄ သောင်း နီးပါး ရှိမယ်ဆိုတာပါပဲ။ Xiaomi ရဲ့ ပထမဆုံး လျှပ်စစ်ကားရဲ့ Code Name ဟာ “Modena” ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာ စတင်ရောင်းချမဲ့ လျှပ်စစ်ကားရဲ့ Code Name ဟာ “Le Mans” ဖြစ်ပြီး ဒီဒုတိယမြောက်ကားကိုလည်း လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ဒီမော်ဒယ်မှာ လျှပ်စစ်မော်တာ သုံးလုံးပါဝင်မယ်လို့လည်း သိရပါတယ်။ ဒီကောလာဟလတွေ ဘယ်လောက်အထိမှန်ကန်မလဲဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

Ref: Gizchina