Xiaomi ဟာ စမတ်ဖုန်းထုတ်လုပ်မှုနဲ့ နာမည်ကြီးလာတဲ့ နည်းပညာအမှတ်တံဆိပ်လို့ဆိုရင် မမှားပါဘူး။ နောက်ပိုင်းမှာတော့ စမတ်ဖုန်းတင်သာမကဘဲ IT နယ်ပယ်နဲ့ဆက်စပ်တဲ့ အခြားထုတ်ကုန်တွေကိုလည်း ထုတ်လုပ်ရောင်းချလာခဲ့ပါတယ်။ အခုလည်း ကျန်းမာရေးစောင့်ရှောက်မှုဘက်ကို ခြေလှမ်းစတင်နေတာကို တွေ့မြင်ရပါတယ်။

တရုတ်နိုင်ငံရဲ့ အွန်လိုင်းအခြေပြု ကျန်းမာရေးအပြန်အလှန်ကူညီစောင့်ရှောက်မှု ပလက်ဖောင်းပေါ်ကို Xiaomi ကလည်း ဝင်ရောက်လာတာပါ။ ဒေသတွင်းမှာ စက်မှုလုပ်ငန်းသစ်တွေဟာ လျင်လျင်မြန်မြန်တိုးတက်ပြောင်းလဲနေချိန်မှာ တရုတ်ရဲ့ဧရာမနည်းပညာကုမ္ပဏီကြီးက အခြားနည်းပညာအမှတ်တံဆိပ်တွေကိုယှဉ်ပြိုင်ဖို့ ဒီပလက်ဖောင်းကို စတင်လိုက်တာလို့ ဆိုနိုင်ပါတယ်။

ပလက်ဖောင်းသစ်ကို Xiaomi Huzhu လို့ ခေါ်တွင်ပြီး တရုတ်ပြည်မကြီးမှာတော့ Pre-registration ပြုလုပ်ခွင့်ပေးထားပြီလို့လည်း သိရပါတယ်။ ဒီကြိုးပမ်းမှုကို ကုမ္ပဏီရဲ့ ဘဏ္ဍာရေးနဲ့နည်းပညာဌာနခွဲက ဦးဆောင်တာဖြစ်ပါတယ်။ ၂၀၂၀ ဇွန်လ ၁၅ ရက်နေ့ကစပြီး ကုမ္ပဏီရဲ့တရားဝင် WeChat အကောင့်နဲ့ App ကနေတစ်ဆင့် ပလက်ဖောင်းအသစ်ကို စတင်ကမ်းလှမ်းသွားမယ်လို့လည်း သိရပါတယ်။

ဝန်ဆောင်မှုကို ရိုးရှင်းစွာနဲ့ရှင်းပြနိုင်ဖို့အတွက် ကုန်ကျစရိတ်ကို အဖွဲ့ဝင်တွေအားလုံးက မျှဝေကျခံရမှာဖြစ်ပါတယ်။ ဒါကြောင့် ယွမ်တစ်ထောင်ကျသင့်မယ့်ဝန်ဆောင်မှုကို အဖွဲ့ဝင်တစ်ထောင်က တစ်ယွမ်နှုန်းနဲ့ မျှဝေကျခံကြမှာပါ။ ဒီလိုကျခံဖို့အတွက် အတည်ပြုချက်တောင်းခံမှာဖြစ်ပါတယ်။ ရောဂါစာရင်းမှာတော့ အဓိကရောဂါ ၈၂ မျိုးနဲ့ ကလေးငယ်တွေအတွက် အထူးအရေးကြီးတဲ့ ရောဂါ ၁၀ မျိုးပါဝင်တယ်လို့ သိရပါတယ်။

ဒီပလက်ဖောင်းပေါ်မှာရှိတဲ့ အဖွဲ့ဝင်တွေဟာ 24/7 အွန်လိုင်းဆွေးနွေးမှုပြုလုပ်နိုင်သလို Medical checkup လည်း ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Xiaomi အနေနဲ့ ပလက်ဖောင်းကတစ်ဆင့် ဘယ်လောက်ထိ ဝင်ငွေပြန်ရသလဲဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

Ref: Gizmochina