၂၀၂၀ ခုနှစ်ဟာ စမတ်ဖုန်းစျေးကွက်မှာ ပြောင်းလဲမှုအများအပြားတွေဖြစ်ပေါ်နေတဲ့ နှစ်တစ်နှစ်လို့ ပြောရင်လည်းမမှားပါဘူး။ လောလောဆယ်အနေနဲ့လည်း တကမ္ဘာလုံးမှာအကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကို Samsung နဲ့ Huawei တို့က အပြိုင်အဆိုင်ကို ရယူနေကြတာဖြစ်ပါတယ်။

အဲ့ဒီလိုမျိုးပဲ Xiaomi အနေနဲ့လည်း အခု ၂၀၂၀ ပထမ နှစ်ဝက်မှာ သိသိသာသာကို အောင်မြင်မှုတွေရရှိနေခဲ့ပြီးတော့ အခုအတိုင်းဆက်သွားမယ်ဆိုရင် Apple ကို ကျော်တက်ပြီး တတိယအကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ နေရာရရှိသွားတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Xiaomi ရဲ့ စတော့ရှယ်ယာစျေးနှုန်းဟာ $2.79 အထိ ရောက်ရှိခဲ့ပြီးတေ့ာ ၁၃ ရာခိုင်နှုန်းထိုးတက်ခဲ့တာဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀၁၈ အပြီးမှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။ စုစုပေါင်း ကုမ္ပဏီရဲ့ တန်ဖိုးအနေနဲ့လည်း ဒေါ်လာ ၆၅ ဘီလီယံအထိကို ရှိနေပြီလို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Goldman Sachs ၊ CITIC Securities ၊ Founder Securities ၊ CICC ၊ Daiwa ၊ Morgan Stanley နဲ့ Citibank လိုမျိုး ကုမ္ပဏီကြီးတွေကလည်း Research Report တွေအသီးသီးထုတ်ပြန်ခဲ့ပြီး ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ Xiaomi ကို ပိုပြီး ရင်းနှီးမြုပ်နှံသင့်တယ်ဆိုပြီး ပြောကြားထားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ အဆိုအရတော့ လက်ရှိအချိန်မှာ Xiaomi ဟာ တိုးတက်နိုင်စွမ်းအရှိဆုံး ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

CICC ရဲ့ ထုတ်ပြန်ချက်အရတော့ Xiaomi ဟာ ယခုနှစ်မဟုတ်ရင်တောင်မှ လာမယ့်နှစ်မှာ တတိယအကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်သူနေရာကို ရယူသွားဖို့က ကျိန်းသေသလောက်ရှိနေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်မှာလည်း Xiaomi အနေနဲ့ Europe စျေးကွက်ရဲ့ တတိယအကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် နေရာယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ဟာ စမတ်ဖုန်းတွေအများအပြားထုတ်လုပ်နေသလို ထုတ်သမျှစမတ်ဖုန်းတိုင်းလိုလိုကလည်း အောင်မြင်မှုရရှိနေတာကိုတော့ ငြင်းလို့မရပါဘူး။

Ref – Giz China