Xiaomi ရဲ့ မျိုးဆက်သစ် Band ဖြစ်တဲ့ Mi Band 5 ဟာ SpO2 တိုင်းတာမှု (Blood-oxygen saturation) နဲ့အတူ နှလုံးခုန်နှုန်းကို ခြေရာခံနိုင်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ ကျန်းမာရေး အပိုဆောင်းဝန်ဆောင်မှုအဖြစ် အမျိုးသမီးတွေအတွက် ဓမ္မတာချိန်စက်ဝန်းကိုလည်း ခြေရာခံပေးမယ့် လုပ်ဆောင်ချက် ပါဝင်မယ်လို့ သတင်းထွက်နေပါတယ်။

Mi Band 5 ရဲ့ အပြည်ပြည်ဆိုင်ရာဗားရှင်းဟာ NFC ထောက်ပံ့မှုရရှိခဲ့တယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ NFC ဟာ တရုတ်ပြည်တွင်းဈေးကွက်အတွက် သီးသန့်ပဲ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် Global NFC ထောက်ပံ့မှုနဲ့ပတ်သက်ပြီးတော့ သံသယနည်းငယ် ရှိနေပါသေးတယ်။ “Mi Smart Band 5” အနေနဲ့ XMSH11HM နံပါတ်ကို ရည်ညွှန်းထားတာလည်း တွေ့ရပါတယ်။ (ပုံမှန် Band 5 ကတော့ XMSH10HM ဖြစ်ပါလိမ့်မယ်။)

ဒါ့အပြင် ဒီ Smart Band ဟာ Amazon ရဲ့ Alexa AI assistant ထောက်ပံ့မှုလည်းရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့မျိုးဆက်တွေတုန်းကတော့ တရုတ်နိုင်ငံတွင်းမှာ ရောင်းချတဲ့မော်ဒယ်တွေဟာ NFC ကို onboard ပါဝင်ပြီး Digital assistant အတွက် mic လည်း ပါဝင်ပါတယ်။ ဒါပေမယ့် တရုတ်ဘာသာစကားဖြစ်တဲ့ Xiao Ai နဲ့ အလုပ်လုပ်ပါတယ်။

Alexa ကတော့ အမေရိကန်၊ ဂျပန်၊ ဥရောပနိုင်အများစုနဲ့ အိန္ဒိယ ဘာသာစကား အပါအဝင် ဘာသာစကား ရှစ်မျိုးကို သိနားလည်ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Band မှာ စပီကာမရှိတာကြောင့် Alexa ရဲ့ ပြန်ကြားမှုဟာ စာသားနဲ့သာ ဖြစ်ပါလိမ့်မယ်။ ကောင်းတဲ့အရာတစ်ခုကတော့ Bezel တွေဟာ ကျုံ့သွားပြီး မျက်နှာပြင်အရွယ်အစားက 1.2-inch အထိ ကြီးလာမှာ ဖြစ်ပါတယ်။ (စတုတ္ထမျိုးဆက်ဟာ 0.95-inch ဖြစ်ပါတယ်)

Xiaomi ရဲ့ Mi Band 5 ကို ဇွန်လထဲမှာပဲ မိတ်ဆက်လာဖွယ်ရှိပြီး၊ တရုတ်ပြည်တွင်းဈေးကွက်အတွက်ပဲ အရင်ဦးဆုံးဖြန့်ချိဖွယ်ရှိပါတယ်။ နိုင်ငံတကာဈေးကွက်အတွက် Global ဗားရှင်းကတော့ နောက်ထပ် လအနည်းငယ်ကြာပြီးမှ ထွက်လာဖွယ်ရှိပါတယ်။

Ref: GSM Arena