ကုမ္ပဏီ အသစ်တွေဟာ လျှပ်စစ်ကား နယ်ပယ်ထဲကို ဝင်ရောက်လာကြပြီး လျှပ်စစ်ကား ဈေးကွက်ဟာ ပိုမိုကြီးထွားလာပါတယ်။ Xiaomi ကလည်း Xiaomi MS11 EV နဲ့ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ Xiaomi က ကား ဌာနကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ တည်ထောင်ခဲ့ပြီး ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၄ ခုနှစ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်။
Xiaomi MS11 EV ရဲ့ သတင်းများစွာနဲ့ ဓါတ်ပုံတွေ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ အဲဒီကားကို Bluetooth SIG မှာ မှတ်ပုံတင်ထားပြီဖြစ်ပြီး IC4034-BD, IC4004-BD, IC4024-BD, IC4054-BD, IC4005-BD နဲ့ IC4015-BD စတဲ့ မော်ဒယ်များစွာ ပါပါတယ်။
အဲဒီက စာရင်းအရ ကားမှာ Radio, Bluetooth 5.2, USB Media, Navigation နဲ့ CarPlay တို့ ပါလာမှာပါ။ Infotainment System မှာ ဆက်သွယ်မှုများစွာ ထည့်သွင်းထားမှာပါ။ Qualcomm Chipsets ပါလာမှာ ဖြစ်ပြီး အရင်သတင်းတွေအရ LiDAR Sensor နဲ့ Qualcomm 8295 Chip တပ်ဆင်ထားနိုင်ပါတယ်။
အဲဒီကားရဲ့ လျှို့ဝှက်နာမည်ဟာ Modena ဖြစ်ပြီး မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။ ပထမ မော်ဒယ် ၂ ခုမှာ BYD Blade Battery (LFP) နဲ့ ကျန်တဲ့ မော်ဒယ်မှာ Ternary (NMC) Battery ထည့်သွင်းထားမှာပါ။ Xiaomi က အဲဒီကားကို ၂၆၀,၀၀၀ ယွမ် ကနေ ၃၅၀,၀၀၀ ယွမ် အကြား( ဒေါ်လာ ၃၆,၄၀၀ နဲ့ ၄၉,၀၀၀ အကြား) ရောင်းချနိုင်ပါတယ်။
Ref : gizmochina