Xiaomi က သူတို့ရဲ့ ဒုတိယမြောက် လျှပ်စစ်ကားဖြစ်တဲ့ YU7 SUV ကို ပေကျင်းမှာလုပ်တဲ့ပွဲမှာ တရားဝင်မိတ်ဆက်လိုက်ပြီး ပွဲစပြီး ၃ မိနစ်အတွင်းမှာပဲ အစီးရေ ၂ သိန်းကျော် ရောင်းချခဲ့ရတယ်လို့ ကြေညာလိုက်ပါတယ်။ YU7 ရဲ့ စျေးနှုန်းက ယွမ် ၂၅၃,၅၀၀ (ဒေါ်လာ ၃၅,၃၀၀ လောက်) ကနေ စပြီး Tesla Model Y ထက် ယွမ် ၁၀,၀၀၀ (ဒေါ်လာ ၁,၄၀၀ လောက်) ပိုသက်သာနေပါတယ်။
ကားဝယ်ချင်တဲ့သူတွေက ပြန်အမ်းပေးမယ့် စပေါ်ငွေ ယွမ် ၅,၀၀၀ (ဒေါ်လာ ၇၀၀) နဲ့ booking တင်ထားလို့ရပြီး၊ စပေါ်ငွေ ယွမ် ၂၀,၀၀၀ တင်တဲ့သူတွေကတော့ အကန့်အသတ်နဲ့ထုတ်ထားတဲ့ ကားတွေကို အစောဆုံးရမယ့် အခွင့်အရေးရှိပါတယ်။
Xiaomi ရဲ့ CEO ဖြစ်တဲ့ လီဂျွန်းက YU7 ကို လိုချင်တဲ့သူဦးရေဟာ ၂၀၂၄ ကထွက်ခဲ့တဲ့ SU7 ဆီဒင်ကားထက် သုံးဆလောက်ပိုများမယ်လို့ ခန့်မှန်းထားကြောင်း ပြောပါတယ်။ SU7 ကားတောင်မှ စရောင်းတဲ့ ပထမတစ်ရက်တည်းနဲ့ အစီး ၉ သောင်းနီးပါး မှာယူခံခဲ့ရပြီး အခုထိ အစီး ၂ သိန်း ၇ သောင်းကျော် ပို့ပေးပြီးသွားပါပြီ။ YU7 ကိုတော့ Standard, Pro နဲ့ Max ဆိုပြီး မော်ဒယ်သုံးမျိုးရွေးလို့ရမယ်။ ဈေးနှုန်းတွေကတော့ ယွမ် ၂ သိန်းခွဲကျော်ကနေ ၃ သိန်းကျော် (ဒေါ်လာ ၃၅,၃၀၀ ကနေ ၄၆,၀၀၀) အထိ ရှိပါတယ်။
Standard မော်ဒယ်က နောက်ဘီးယက်စနစ် (RWD) နဲ့လာပြီး တစ်ခါအားသွင်းထားရင် ကီလိုမီတာ ၈၃၀ အထိ မောင်းနိုင်တယ်။ ၀ ကနေ ၁၀၀ အရှိန်တင်ဖို့ ၅.၈၈ စက္ကန့်ပဲ ကြာတယ်။ Pro မော်ဒယ်ကတော့ ဘီးလေးဘီးလုံးမောင်းတဲ့ (AWD) စနစ်နဲ့ဖြစ်ပြီး အားပြည့်သွင်းထားရင် ၇၇၀ ကီလိုမီတာလောက် မောင်းနိုင်ပါတယ်။ Max မော်ဒယ်ကတော့ မြင်းကောင်ရေ ၆၈၁ ကောင်အားအထိရှိပြီး ကီလိုမီတာ ၁၀၀ အရှိန်ကို ၃.၂၃ စက္ကန့်တည်းနဲ့ ရောက်နိုင်ပါတယ်။
YU7 ကားက ထိုင်ခုံ ၅ လုံးပါတဲ့ SUV ကားဖြစ်ပြီး အားအမြန်သွင်းတဲ့စနစ်လည်းပါတယ်။ ဘက်ထရီအား ၁၀% ကနေ ၈၀% ကို ၁၂ မိနစ်တည်းနဲ့ သွင်းနိုင်တာကြောင့် အရမ်းအဆင်ပြေပါတယ်။ ဒီကားဟာ တရုတ်ဈေးကွက်မှာ ဒီနှစ်အတွင်း ရောင်းအား ၂၄% လောက်ကျသွားတဲ့ Tesla Model Y အတွက်တော့ တကယ့်ကို စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ တခြားပြိုင်ဘက်တွေဖြစ်တဲ့ BYD Sealion 07, Zeekr 7X, Xpeng G7 နဲ့ Onvo L60 တို့နဲ့လည်း အပြိုင်ကြဲရဦးမှာပါ။
Ref : Tech Explorers