Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ သတင်းတွေထွက်နေတာ ကြာပါပြီ။ ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကား MS11 ကို စမ်းသပ်နေတဲ့ သတင်းတွေလည်း ကြားခဲ့ရပြီးပါပြီ။ အခုတော့ ကား ဘလော့ဂါ Chang Yan က  အဲဒီကားကို စမ်းသပ်မောင်းနှင်နေတဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။

Xiaomi ဟာ MS11 ကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ အဲဒီကားကို ဖန်တီးနေတာ အချိန်တော်တော်ကြာပြီ ဖြစ်ပြီး ဓါတ်ပုံတွေအရ အဓိက လုပ်ဆောင်ချက်တချို့ကို သိလာရပါတယ်။ အားသွင်းပေါက်ကို ကားရဲ့ အနောက် ဘယ်ဘက်မှာ တပ်ဆင်ထားတာ မြင်ရပါတယ်။

ကားကို မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမှာပါ။ ၁ မျိုးက BYD Lithium-ion Phosphate Blade ဘက်ထရီ ပါတဲ့ 400V Version နဲ့ နောက် ၁ မျိုးက CATL Ternary Kirin ဘက်ထရီ ပါတဲ့ 800V Version ဖြစ်ပါတယ်။ Xiaomi က MS11 မှာ AI နဲ့ မောင်းသူမဲ့ စွမ်းရည် တို့လို ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ ကုမ္ပဏီဟာ အဲဒီ နည်းပညာတွေမှာ များပြားစွာ ရင်းနှီးမြှပ်နှံထားတဲ့အတွက် MS11 မှာ အဲဒီ နည်းပညာတွေဟာ အဓိက အခန်း ကဏ္ဍကနေ ပါလာမှာပါ။

MS11 ဟာ အလွန် စိတ်ဝင်စားစရာကောင်းတဲ့ ကား ဖြစ်ပြီး ကားရဲ့ စွမ်းဆောင်ရည်နဲ့ ရောင်းချမယ့် အချိန်ကို လူတွေ စိတ်ဝင်စားနေကြပါတယ်။ Xiaomi ဟာ Consumer Electronics တွေကို ထုတ်လုပ်ရောင်းချနေရာကနေ လျှပ်စစ်ကား နယ်ပယ်ကိုပါ ဝင်ရောက်လာတော့မှာပါ။

Ref: gizmochina