YouTube မှာ နှစ် ၁၄၀ ကြာမြင့်တယ်ဆိုတဲ့ ထူးဆန်းတဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပြီး အင်တာနက်သုံးစွဲသူတွေအကြား ဇဝေဇဝါ ဖြစ်စေခဲ့ပါတယ်။ Dexerto ရဲ့ ဖော်ပြချက်အရ ဒီဗီဒီယိုကို ShinyWR ဆိုတဲ့ Channel က တင်ထားတာဖြစ်ပြီး ခေါင်းစဉ်မှာ မေးခွန်းသင်္ကေတတစ်ခုကလွဲလို့ ဘာမှရေးမထားပါဘူး။ တကယ်တမ်းမှာတော့ ဒီကိစ္စရဲ့ အမှန်တရားဟာ ထင်ထားသလောက် ဆန်းကြယ်တဲ့အရာမဟုတ်ဘဲ ရိုးရှင်းတဲ့ အကြောင်းအရင်းတစ်ခုသာ ဖြစ်ပါတယ်။

ကြည့်လိုက်ရင် ဗီဒီယိုကြာချိန်က နှစ် ၁၄၀ ရှိတယ်လို့ ပြနေပေမယ့် ဒါဟာ YouTube မှာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ တကယ်တမ်း ဝင်ကြည့်တဲ့အခါမှာတော့ နှစ်ပေါင်းများစွာကြာတဲ့ ရုပ်သံဖိုင်မဟုတ်ဘဲ ၁၂ နာရီစာသာ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုရှုပ်ထွေးမှုတွေကြောင့်ပဲ ဗီဒီယိုဟာ တစ်ပတ်အတွင်း ကြည့်ရှုသူ ၁.၄ သန်းကျော်အထိ ရှိခဲ့ပြီး တချို့ကတော့ ဒါကို YouTube ရဲ့ ကန့်သတ်ချက်တွေကို ကျော်ပြီး နာမည်ကြီးအောင် လုပ်တဲ့ လူလည်ကျတဲ့လုပ်ရပ်လို့ ပြောဆိုနေကြပါတယ်။

တချို့အသုံးပြုသူတွေကတော့ ဒီ Channel ဟာ ကုမ္ပဏီတွင်း စမ်းသပ်မှုတစ်ခုကနေ မတော်တဆ လူသိရှင်ကြား ဖြစ်သွားတာလို့ ထင်ကြသလို၊ တချို့ကလည်း ARG (alternate reality game) တစ်ခုနဲ့ ဆက်စပ်နေမယ်လို့ ယူဆပြီး သတင်းဖြန့်ဝေခဲ့ကြပါတယ်။ ကြည့်ရှုသူတော်တော်များများက ဗီဒီယိုဖွင့်မရတာ၊ တက်မလာတာမျိုးတွေ ဖြစ်နေတယ်လို့ ပြောကြတဲ့အတွက် ဒါဟာ စနစ်ပိုင်းဆိုင်ရာ တစ်ခုခု လွဲချော်မှုသာ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ပိုခိုင်မာလာစေပါတယ်။
ShinyWR Channel မှာ ဒီနှစ် ၁၄၀ ဗီဒီယိုအပြင် ၂၉၄ နာရီကြာတယ်လို့ ပြထားတဲ့ တခြားထူးဆန်းတဲ့ ဗီဒီယိုတွေလည်း ရှိနေပါသေးတယ်။ အဲဒီဗီဒီယိုတွေအားလုံးမှာ ဖွင့်ကြည့်လို့မရတဲ့ ပြဿနာတွေ ရှိနေတာကြောင့် ဒါဟာ တမင်သက်သက် ဖန်တီးထားတာထက် နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းတွေသာ ဖြစ်ပုံရပါတယ်။ တကယ်တမ်းမှာတော့ ဒီဖြစ်ရပ်ဟာ ပလက်ဖောင်းပိုင်းဆိုင်ရာ ချို့ယွင်းချက် (glitch) တွေကနေတဆင့် လူပြောများတဲ့ အင်တာနက် သို့လောသင့်လောဖြစ်ရပ်တစ်ခု ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
Ref : Yahoo