လက်ရှိ စမတ်ဖုန်းတွေဟာ ကိုယ်ပိုင် Virtual Assistant တွေကို အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google Assistant ကတော့ လက်ရှိအချိန်အထိ အသုံးပြုသူ သန်း ၅၀၀ ကျော်နဲ့ အကောင်းဆုံးဖြစ်နေတယ်ဆိုတာကိုတော့ ငြင်းမရပါဘူး။

Google Assistant ကို ပုံမှန် ရာသီဥတုနဲ့ သတင်းအချက်အလက်မေးတာတွေပဲ အသုံးပြုနိုင်တာမဟုတ်ဘဲ ဖုန်းအသုံးပြုနေတဲ့အချိန်မှာ တကယ်အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပြုလုပ်နိုင်ပါသေးတယ်။ အခု Article မှာတော့ လက်တွေ့အသုံးဝင်တဲ့ Feature ၅ မျိုးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(1) Shopping List ထဲကို ပစ္စည်းတွေမှတ်သားခိုင်းနိုင်တယ်

တခါတလေ စျေးဝယ်ထွက်တဲ့အချိန်မျိုးမှာ ပစ္စည်းကျန်ခဲ့တာမျိုး ဖြစ်ဖူးကြမှာပါ။ ဒါကို ဖြေရှင်းချင်တယ်ဆိုရင် ကိုယ်ဝယ်မယ့်ပစ္စည်းတွေကို Notes မှာ ချရေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအစား Google Assistant ကို ဝယ်ယူချင်တဲ့ ပစ္စည်းတွေကို မှတ်ထားခိုင်းတာက ပိုပြီး လွယ်ကူမြန်ဆန်မှာဖြစ်ပါတယ်။ ခိုင်းစေဖို့အတွက်ကလည်း “Add milk to my shopping list” လို့ ကိုယ်ဝယ်ဖို့စဥ်းစားထားတဲ့ ပစ္စည်းနာမည်ကို Milk အစားထည့်ပြောလိုက်ရုံပဲဖြစ်သလို ပြန်ဖယ်ရှားချင်ရင်လည်း “remove milk from my shopping list” ဆိုပြီး ပြောလိုက်တာနဲ့ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး Google Assistant ကို Shopping List မှတ်ထားခိုင်းတာကို Web Browser ကနေလည်း Google Shopping List Page မှာ သွားရောက်ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ Google Account နဲ့ ချိတ်ဆက်ထားတဲ့အတွက် တခြားသူတွေကို ထည့်သွင်းချင်တယ်ဆိုရင်လည်း ထည့်သွင်းနိုင်မှာပါ။

(2) Smart Home Device တွေကို အချိန်ပေးပြီး အဖွင့်အပိတ်လုပ်ခိုင်းနိုင်တယ်

အခုအချိန်ဟာ Wi-Fi နဲ့ ချိတ်ဆက်ထားနိုင်တဲ့ Smart Home Device တွေက တဖြည်းဖြည်းပေါများနေပြီဖြစ်သလို စျေးလည်းသက်သာနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလို Smart Home Device တွေအသုံးပြုနေတယ်ဆိုရင် Google Assistant က အကောင်းဆုံးအဖော်မွန်ဖြစ်မှာပါ။

ဘာကြောင့်လဲဆိုရင် မီးလုံးတွေ၊ Wall Plug တွေကို ပုံမှန်အတိုင်း ပိတ်နိုင်၊ ဖွင့်နိုင်သလို အချိန်ပေးပြီး ၁၅ မိနစ်နေရင် ပိတ်မလား၊ ညနေမှ ပိတ်ခိုင်းမလားဆိုပြီး ကြိုတင် သတ်မှတ်ပြီး ခိုင်းစေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဥပမာ – “turn on the living room lights in 15 minutes” သို့မဟုတ် “turn off the air conditioner at sunset” လို့ပြောလိုက်ရုံနဲ့တင် Google Assistant က သိရှိပြီး ပြုလုပ်ပေးမှာဖြစ်ပါတယ်။

(3) သုံးနေတဲ့ ဖုန်း Screen မှာရှိတဲ့ပစ္စည်းတွေအကြောင်းကို မေးမြန်းနိုင်တယ်

Google Assistant ဟာ ကိုယ်ခိုင်းစေတဲ့စကားတင်မဟုတ်ဘဲ ဖုန်းအသုံးပြုနေတာကိုပါ သိရှိနားလည်မှာဖြစ်ပါတယ်။ ဥပမာ ကိုယ်က ဖုန်းတစ်ခုခုပုံကို ကြည့်နေပြီး စျေးသိချင်တယ်ဆိုရင် ဖုန်းနာမည်၊ အမျိုးအစားထည့်ပြောဖို့မလိုဘဲ “How much does this cost” လိုမျိုး မေးလိုက်တာနဲ့ အလိုအလျောက်ရှာဖွေပေးမှာဖြစ်ပါတယ်။

ဒီလိုမျိုး On Screen Context တွေကို ရှာဖွေခိုင်းဖို့အတွက် Google Assistant ရဲ့ Setting ထဲမှာ Enabled ပြုလုပ်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

(4) မနက်မိုးလင်းတဲ့အချိန်မှာ Routine တစ်ခုသတ်မှတ်ထားနိုင်တယ်

Google Assistant ဟာ ခိုင်းစေစရာမလိုဘဲနဲ့လည်း သင့်ရဲ့ မနက်ခင်းတွေကို ပုံမှန်နိုးထပြီး ဆောင်ရွက်စရာရှိတာတွေကို ပြောပြပေးနိုင်ပါတယ်။ ဒါကတော့ Google Clock App ထဲမှာရှိတဲ့ Alarm ထဲကနေ Morning Routine တစ်ခု သတ်မှတ်ပေးတာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Google Assistant Routine သတ်မှတ်လိုက်ပြီဆိုရင် Alarm မြည်ပြီးတာနဲ့ နေ့စဥ်သတင်းတွေ၊ ကိုယ့်ရဲ့ Calendar Schedule တွေအပြင် သီချင်းဖွင့်ပေးတာမျိုး၊ Podcast ဖွင့်ပေးတာမျိုးပါ ပြုလုပ်ပေးနိုင်ပါတယ်။ အဲ့ဒီအတွက် ဒီ Feature ကလည်း ကျိန်းသေအသုံးပြုသင့်တဲ့ Feature တစ်ခုလို့ပြောရမှာပါ။

(5) Web Page တွေကို ဖတ်ပြခိုင်းနိုင်တယ်

ဒါကတော့ တချို့အသုံးပြုသူတွေ သိရှိပြီးဖြစ်မယ့် Feature တစ်ခုဖြစ်ပါတယ်။ တကယ်လို့ Website တစ်ခုခုက Blog Post တစ်ခုခုကို ဖတ်ဖို့ပျင်းတာပဲဖြစ်ဖြစ်၊ မအားလပ်လို့ပဲဖြစ်ဖြစ် Google Assistant ကို “read this article” သို့မဟုတ် “read this page” လို့ ပြောလိုက်တာနဲ့ အလိုအလျောက်ဖတ်ပြပေးမှာဖြစ်ပါတယ်။

ဒီ Feature ရဲ့ အားသာချက်ကတော့ Web Page ကို ဖတ်ပြနေဖို့အတွက် ဖုန်း Screen ကို ဖွင့်ထားဖို့မလိုအပ်တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် နားကြပ်နဲ့ နားထောင်မယ်ဆိုရင်လည်း ဖုန်း Screen ပိတ်ထားပြီး အသံပဲ နားထောင်နေနိုင်မှာပါ။

အခုပြောသွားတဲ့ Feature တွေကတော့ လက်ရှိ Google Assistant ကနေ ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေထဲကမှ လက်တွေ့အသုံးဝင်တဲ့ Feature အချို့ပဲဖြစ်ပါတယ်။ တကယ်တမ်း အသုံးပြုမယ်ဆိုရင် Google Assistant ဟာ အများကြီးအထောက်အကူဖြစ်တဲ့အတွက် စမ်းသပ်အသုံးပြုကြည့်သင့်ပါတယ်။

Ref – Android Authority