စမတ်ဖုန်းတွေရဲ့ အနာဂတ်ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အလားအလာတွေနဲ့ ပြည့်နှက်နေပါတယ်။ နည်းပညာတွေ ဆက်ပြီးတိုးတက်လာတာနဲ့အမျှ စက်ပစ္စည်းတွေဟာ လုပ်ဆောင်ချက်အသစ်တွေ ယူဆောင်လာပြီး လူသားတွေရဲ့ အပြန်အလှန်ဆက်ဆံပုံကို ပြောင်းလဲပေးလာပါတယ်။ အနာဂတ် စမတ်ဖုန်းတွေအတွက် အဓိကကျတဲ့ ခေတ်ရေစီးကြောင်း ဖြစ်လာနိုင်တာတွေထဲမှာ AI, 5G, IoT, Security စတာတွေက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

AI
စမတ်ဖုန်းတွေရဲ့အနာဂတ် တိုးတတ်ပြောင်းလဲမှုမှာ ပထမဆုံးနဲ့ အရေးအကြီးဆုံးက AI ဉာဏ်ရည်တု ပေါင်းစပ်မှုပါပဲ။ AI ကြောင့်ပဲ စမတ်ဖုန်းတွေက ပိုပြီးအဆင့်မြင့်တဲ့ ဦးဆောင်မှုဆီကို ရောက်လာမှာ ဖြစ်ပါတယ်။ Siri နဲ့ Alexa တို့လို Virtual assistant တွေဟာ စမတ်ဖုန်းတွေရဲ့ AI အခန်းကဏ္ဍမှာ ပါဝင်ပတ်သက်လာတာကို ကြည့်ရင် သိနိုင်ပါတယ်။ AI ဟာ သုံးစွဲသူတွေရဲ့ နှစ်သက်မှုနဲ့ အလေ့အထတွေကိုသင်ယူပြီး အသုံးပြုသူနဲ့ ကိုက်ညီတဲ့ အချက်အလက်တွေကို အကြံပြုလာမှာဖြစ်ပါတယ်။ လူသားတွေရဲ့ ပိုမိုရှုပ်ထွေးတဲ့ အလုပ်တွေကို AI က ဝင်ရောက်ကိုင်တွယ်ပြီး လွယ်ကူအောင် ကူညီလာမှာ ဖြစ်ပါတယ်။

Foldable
အနာဂတ်စမတ်ဖုန်းတွေဟာ Foldable တွေ၊ Rollable တွေ၊ Stretchable တွေ ဖြစ်လာမယ်ဆိုတာ သံသယမဖြစ်ပါနဲ့။ ဖုန်းရဲ့ တစ်ခြမ်းကို ခေါက်သိမ်းထားနိုင်ပြီး၊ အလိုရှိချိန်မှ ဖြန့်ထုတ်အသုံးပြုနိုင်တဲ့ ဒီနည်းပညာနဲ့ အားသာချက်ဟာ အနာဂတ်နေထိုင်မှုပုံစံအပေါ် အများကြီးအကျိုးသက်ရောက်စေပါလိမ့်မယ်။ အနည်းဆုံးတော့ Multitasking နဲ့ Gaming အပြင် ဗီဒီယိုကြည့်တာ၊ E-book ဖတ်တာတွေအတွက် ပိုပြီးအဆင်ပြေလာစေပါလိမ့်မယ်။ ပိုသေးတဲ့ Device မှာ ပိုကြီးတဲ့ Screen ကို အသုံးပြုလာနိုင်တာလည်း ကြိုဆိုရမဲ့အချက်ပါပဲ။

5G ချိတ်ဆက်မှု
5G ကွန်ရက်တွေဟာ စမတ်ဖုန်းတွေရဲ့ အနာဂတ်ကို ဘယ်လောက်ထိ သက်ရောက်မှုရှိစေနိုင်မလဲဆိုတာ အဖြေမပေးနိုင်သေးပါဘူး။ ဒါပေမဲ့ စမတ်ဖုန်းတွေကို အသုံးပြုနေတဲ့လူသားတွေအတွက်တော့ ပိုပြီး လုံခြုံစိတ်ချတဲ့ ကာကွယ်စောင့်ရှောက်မှုတွေအောက်၊ ပိုပြီးလျင်မြန်လွယ်ကူတဲ့ ဆက်ဆံရေးတွေအောက်ကို ရောက်ရှိသွားစေမှာ သေချာပါတယ်။ ဒါ့အပြင် 5G ဟာ Augmented Reality နဲ့ Virtual Reality တို့လို နည်းပညာအသစ်တွေကို သုံးစွဲသူတွေဆီ ပိုပြီးပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 5G ကြောင့် အကျိုးဖြစ်ထွန်းလာမှာကတော့ Internet of Things (IoT) ပဲ ဖြစ်ပါတယ်။

Internet of Things
Internet of Things (IoT) ဟာ စမတ်ဖုန်းတွေရဲ့အနာဂတ်တင်မကပါဘူး၊ လူသားတွေရဲ့အနာဂတ်အတွက်ပါ ကြီးမားတဲ့ ပြောင်းလဲမှုအရွေ့ကို ယူဆောင်လာပေးနိုင်တာပါ။ IoT ဟာ အင်တာနက်ကနေတစ်ဆင့် လူမှုဘဝရဲ့ နေ့စဉ်သုံးပစ္စည်းတွေအားလုံးကို အပြန်အလှန်ချိတ်ဆက် ထိန်းချုပ်နိုင်တဲ့ နည်းပညာပါ။ ဒီနည်းပညာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတာကတော့ စမတ်ဖုန်းပါပဲ။ အရာအားလုံးရဲ့ဆုံချက်ကို စမတ်ဖုန်းပေါ် တင်ထားလို့ရနိုင်တာကြောင့်ပါပဲ။

Security
လုံခြုံရေးကလည်း အနာဂတ် စမတ်ဖုန်းနဲ့ သုံးစွဲသူတွေအပေါ်မှာ တည်ငြိမ်မှုတစ်ခုကို သယ်ဆောင်လာပေးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ Privacy နဲ့ Security ကို ပိုပြီး အာရုံစိုက်လာမယ်ဆိုတာတော့ အသေအချာပါပဲ။ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလာတာနဲ့အတူ လုံခြုံရေးအခြေပြုဖြေရှင်းချက်တွေလည်း ပိုပြီးတိုးမြင့်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizchina