Google ဟာ လက်ရှိစမတ်ဖုန်းတွေအတွက် Android 11 Developer Preview ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး ပထမဆုံးသော Public Beta ကိုတော့ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းတုန်းက ထုတ်ပေးခဲ့ပါတယ်။

အခုအချိန်မှာတော့ Google ကနေ ထူးထူးခြားခြား Android 11 Developer Preview ကို စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Android TV အတွက်ပါ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ဒါ့ကြောင့် စမတ်ဖုန်းတွေအတွက် Android 11 Stable Update ထွက်ရှိပြီး မကြာခင်မှာ Android TV ကိုပါ Stable Update ထုတ်ပေးဖို့များနေပါတယ်။

အခုလိုမျိုး Android TV နဲ့ Streaming Box တွေအတွက် Android 11 Developer Preview ကို ထုတ်ပေးလိုက်ပေမယ့် ပုံမှန်အသုံးပြုသူတွေအနေနဲ့ စမ်းသပ်ပြီး မတင်ကြည့်ဖို့ကို သတိပေးထားပါတယ်။ ဘာကြောင့်လဲဆိုရင် ယခု Update ဟာ Developer တွေအတွက် အဓိကရည်ရွယ်တာဖြစ်ပြီးတော့ ပုံမှန်အသုံးပြုမယ်ဆိုရင် Bugs တွေနဲ့ ပြဿနာတွေကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။

Google ကတော့ ယခု Android TV အတွက် Android 11 Update ဟာ Privacy ၊ Performance နဲ့ Accessibility ပိုင်းတွေမှာ သိသိသာသာတိုးတက်မှုရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း Google ကနေ ကိုယ်ပိုင် Google TV ဆိုပြီး TV Streaming Stick တစ်ခုကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။

Ref – Android Authority