Google က အရည်အသွေးမြင့် သတင်းတွေအတွက် နာမည်ကြီး မီဒီယာတချို့ကို အခကြေးငွေ ပေးဖို့ သဘောတူလိုက်ပါတယ်။ Google က ဂျာမနီ၊ ဩစတြေးလျနဲ့ ဘရာဇီးတို့က မီဒီယာများစွာနဲ့ သဘောတူညီထားပြီး မကြာခင် တခြား မီဒီယာတွေနဲ့ တိုးချဲ့ အလုပ်လုပ်မယ်လို့ ပြောပါတယ်။ အဲဒီ သတင်းတွေကို Google News နဲ့ Discover တို့မှာ အစောဆုံး အနေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ဒီနှစ် နှောင်းပိုင်းမှာ ဝန်ဆောင်မှု စတင်မှာပါ။ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် Apple News ကို ယှဉ်ပြိုင်မှာပါ။

 

ပုံမှန်အားဖြင့် User တွေ မီဒီယာတွေကို အခကြေးငွေ ပေးပြီး ဖတ်ရတဲ့ သတင်း၊ ဆောင်းပါးတွေကိုပါ Google ရဲ့ ဝန်ဆောင်မှုမှာ အခမဲ့ ဖတ်ရှုနိုင်မှာပါ။ Google က User တွေ အစား မီဒီယာတွေကို အခကြေးငွေ ပေးမှာပါ။ Google ရဲ့  Product of News မှ ဒုတိယ ဥက္ကဌ  Brad Bender က “ မီဒီယာတွေအတွက် စာဖတ်သူ တိုးလာမှာ ဖြစ်သလို ပုံမှန်အားဖြင့် အခကြေးငွေ ပေးပြီး ဖတ်ရတဲ့ သတင်း၊ ဆောင်းပါးတွေကို User တွေက အခမဲ့ ဖတ်ရှုနိုင်မှာပါ။  ဒီစီမံကိန်းဟာ ဒစ်ဂျစ်တယ် ခေတ်မှာ သတင်း မီဒီယာ သမားတွေကို ကူညီပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

အရင်ကတော့ Google ဟာ သတင်းတွေအတွက် မီဒီယာတွေကို အခကြေးငွေ ပေးဖို့ တောက်လျှောက် ငြင်းဆန်လာခဲ့ပါတယ်။ ဒါပေမယ့် မီဒီယာ ကုမ္ပဏီတွေရဲ့ ကြော်ငြာ ဝင်ငွေဟာ ကျဆင်းလာခဲ့တဲ့အတွက် ဥပဒေအရ Google ကို ဖိအားပေးမှုတွေ ရှိလာခဲ့တာပါ။ ပြင်သစ်ကလည်း Google ဟာ သူတို့ မီဒီယာတွေရဲ့ သတင်းတွေကို ပြန်သုံးတဲ့အတွက် အခကြေးငွေပေးဖို့ မကြာခင်က ဥပဒေ ထုတ်ခဲ့သလို ဂျာမနီက ဈေးကွက် ပြိုင်ဆိုင်မှု စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းက ကြော်ငြာ ဝင်ငွေတွေကို ဈေးကွက် ဖဲ့ယူမှုကြောင့် Google နဲ့ Facebook အား မီဒီယာတွေကို အခကြေးငွေ ပေးဖို့ တောင်းဆိုထားပါတယ်။

Ref : tnw