Realme ဟာ 5G ဖုန်းသစ်တွေကို တရုတ်ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတဲ့အကြောင်းနဲ့ 120W Dart Fast Charging ကို မိတ်ဆက်လာနိုင်တဲ့အကြောင်းတွေက အခုလတ်တလောမှာ လူပြောများတဲ့ သတင်းတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ် သတင်းတစ်ပုဒ်ရှိနေပါသေးတယ်။

Realme Fan တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းက 6,000mAh ဘက်ထရီပမာဏ တပ်ဆင်ပေးထားတဲ့ ဟန်းဆက်သစ်တစ်မျိူးကို မကြာခင်မှာ မိတ်ဆက်ဖြန့်ချိသွားဖို့ ပြင်ဆင်နေတယ်ဆိုတာပါပဲ။ ဒါပေမယ့် လတ်တလောသတင်းတွေအရ ဒီဟန်းဆက်ကို အင်ဒိုနီးရှားဈေးကွက်မှာ မိတ်ဆက်ဖို့ပြင်ဆင်နေတဲ့ အကြောင်းပဲ သိရပါသေးတယ်။

ဒီသတင်းကို Instagram မှာလွှင့်တင်ခဲ့တာက Realme ရဲ့ ဈေးကွက်ရှာဖွေရေးဒါရိုက်တာဖြစ်တဲ့ Palson Yi ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် 6,000mAh စမတ်ဖုန်းက ကောလာဟလမဟုတ်ဘဲ တကယ်ထွက်လာမှာသေချာနေပါပြီ။ ဒီပမာဏဟာ Realme Lineup တွေထဲမှာ ဘက်ထရီပမာဏ အကြီးဆုံးအဖြစ်လည်း ရှိနေမှာပါ။ ကံမကောင်းတာကတော့ Palson Yi က အခြားအချက်အလက်တွေကို မဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ကနဦးသတင်းတွေမှာတုန်းက TUV Rheinland ရဲ့ Database မှာ မော်ဒယ်နံပါတ် BLP 793 နဲ့အတူ 6,000mAh ပမာဏ ဘက်ထရီကို ဖော်ပြခဲ့ဖူးပါတယ်။ ဒီတုန်းကလည်း ဟန်းဆက်နဲ့ပတ်သက်တဲ့ အခြားအချက်အလက်ကို သိရှိရခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် Realme ရဲ့ 6,000mAh နဲ့ စမတ်ဖုန်းဟာ ဘာဖြစ်မလဲဆိုတာကို ဆက်ပြီးစောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတယ်။

Ref: GSM Arena