ကိုဗစ်ကပ်ဘေးကြောင့် ပြိုင်ပွဲတွေ အားလုံး အွန်လိုင်းပြောင်းကစားခဲ့ရာမှာ အဆင်မပြေတဲ့ Counter-Strike ဂိမ်း အသင်းတွေထဲ မနှစ်က အောင်မြင်မှုတွေ ရရှိထားတဲ့ Mousesports အသင်းလည်း အပါအဝင်ပါ။ သူတို့ဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ အွန်လိုင်းပွဲ တော်တော်များများကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ယခုအခါ မေဂျာပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ESL One: Cologne 2020 ရဲ့ ဥရောပဇုန် ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြန်ပါတယ်။

၂၁ ရက်နေ့မှာ MAD Lions အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ESL One ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ Mousesports အသင်း ခေါင်းဆောင် (In-game Leader) ဖြစ်သူ “Karrigan” ဟာ သူ့ရဲ့ တွစ်တာအကောင့်မှာ “Out of Cologne” ဆိုတဲ့ စာသားနဲ့ ဗီဒီယို တစ်ခုကို တင်လာခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဒိန်းမတ် ပရို ကစားသမား Karrigan ဟာ နှစ်ပေါင်းများစွာ အောင်မြင်မှု ရလာတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် MAD Lions ကို ရှုံးနိမ့်ပြီးနောက်မှာတော့ သူတင်ခဲ့တဲ့ ဗီဒီယိုထဲမှာ သူ့ကွန်ပြူတာကနေ CS:GO ဂိမ်းကို Un-install ပြုလုပ်ဖို့ ကြိုးစားထားတာကို မြင်ရမှာပါ။

ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး သိပ်မကြာခင်မှာပဲ ဒီဗီဒီယိုကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အဆုံးသတ်မှာ Un-install ပြုလုပ်ခဲ့သလား ဆိုတာကို သေချာ မတွေ့ရပေမယ့် သူ့ရဲ့ ခံစားချက်ကိုတော့ သိသာစေခဲ့ပါတယ်။ Uninstall Button ကို ရွေးချယ်ပြီးနောက် ခလုတ်ပေါ်မှာ သူ့မောက်စ် Pointer ကို တင်ထားတဲ့ထိပဲ ဗီဒီယိုက ဖော်ပြထားပါတယ်။

CSGO ကွန်မြူနတီကတော့ သူ့ရဲ့ စိတ်ပျက်မှုကို နားလည်လက်ခံပေးပြီး အများစုက အားပေးစကားတွေ ပြောကြားခဲ့တာကို တွေ့ရမှာပါ။ ဒါပေမယ့် Mousesports အတွက် ၂၀၂၀ ဟာ စိတ်ပျက်စရာ နှစ်တစ်ခု ဖြစ်နေဆဲပါ။ နှစ်စက LAN ပြိုင်ပွဲဖြစ်တဲ့ ICE Challenge 2020 ကို အနိုင်ရခဲ့ပြီးနောက် ယှဉ်ပြိုင်ခဲ့တဲ့ DreamHack Masters Spring, CS_Summit 6, ESL One: Cologne 2020 အွန်လိုင်းပြိုင်ပွဲသုံးခုလုံးမှာ စိတ်ပျက်စရာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 ကြောင့် ဖြစ်ပွားလာတဲ့ ပြဿနာတွေထဲမှာ Esports ကဏ္ဍအတွက်လည်း ထိခိုက်မှုတွေ ရှိခဲ့ပြီး စီစဉ်ထားတဲ့ ပြိုင်ပွဲပေါင်း မြောက်များစွာ ဖျက်သိမ်းခဲ့ရပါတယ်။ CS:GO လိုမျိုး စက္ကန့်ပိုင်းကအစ အရေးပါတဲ့ First-person Shooter ဂိမ်းမျိုးကို အွန်လိုင်းကနေ ယှဉ်ပြိုင်ရတာဟာ ကစားသမားတွေအတွက် အခက်ကြုံစေမှာ အမှန်ပါပဲ။

Ref – AFKGaming