မေလကပဲ realme Watch ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ထဲမှာ realme ရဲ့ စမတ်နာရီ အသစ်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ထပ်ထွက်လာဖို့ ရှိနေပါတယ်။ realme က စက်ဝိုင်းပုံ AMOLED မျက်နှာပြင် ပါတဲ့ Watch S Pro ကို ၂၀၂၀ ခုနှစ် နောက်ဆုံး ၃ လထဲမှာ ကြေညာမယ်လို့ ဒီလ အစောပိုင်းက သတင်းပေးခဲ့ပါတယ်။ အခုတော့ Pro မဟုတ်တဲ့ ရိုးရိုး ဗားရှင်းပါ ထွက်လာနိုင်တယ်လို့ သိလာရပါတယ်။ အဲဒီ စမတ်နာရီကို FCC မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က RMA207 ဖြစ်ပါတယ်။

FCC ရဲ့ စာရင်းမှာ realme Watch S ရဲ့ ပုံကြမ်း ၁ ပုံကိုတွေ့ရပြီး 390mAh ဘက်ထရီနဲ့ IP68 စံနှုန်း ပါမယ်လို့ ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့ ဆန်ဆာတွေနဲ့အတူ Charging Connectors တပ်ဆင်ထားပေမယ့် နေရာချထားပုံက Pro မော်ဒယ်နဲ့ မတူပါဘူး။ တူတာကတော့ ညာဘက်မှာ ခလုတ် ၂ ခု ထည့်သွင်းထားတာပါ။

FCC အပြင် realme Watch S ကို မလေးရှားက SIRIM နဲ့ ရုရှားက EEC တို့မှာလည်း မှတ်ပုံတင်ထားပြီ ဖြစ်တဲ့အတွက် အောက်တိုဘာလလောက်မှာ ကြေညာနိုင်ပါတယ်။ Watch S ရဲ့ တခြား Specs တွေကို မသိရသေးပေမယ့် Pro Version အကြောင်းကို ပိုသိလာရပါပြီ။

realme Watch S Pro မှာ ၁.၃၉ လက်မ AMOLED မျက်နှာပြင် ပါလာမှာဖြစ်ပြီး 454x454p Resolution ရှိပါတယ်။ ဘက်ထရီက 420mAh ဖြစ်ပြီး ၆၃.၅ ဂရမ် လေးမှာပါ။ GPS နဲ့ GLONASS တွေကို တည်နေရာ ညွှန်ပြမှုအတွက် ထည့်ထားပါတယ်။ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့ ဆန်ဆာတွေ ပါလာမယ့် အပြင် Brightness ကို အလိုလို ချိန်ညှိနိုင်ဖို့ Ambient Light ဆန်ဆာ ထည့်ထားမှာပါ။

Ref : gsmarena