Lenovo ကို ကွန်ပျူတာတွေထုတ်လုပ်တဲ့ လုပ်ငန်းကြီးအဖြစ် သိရှိကြပေမယ့် စမတ်ဖုန်းနဲ့အခြားနည်းပညာထုတ်ကုန်တွေကိုလည်း ရောင်းချနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ ၂၀၂၀ ထဲမှာ တက်ဘလက်ဈေးကွက်အပါအဝင် အခြားထုတ်ကုန်ဈေးကွက်တွေထဲမှာလည်း Lenovo ရဲ့ လှုပ်ရှားမှုတွေကို ပိုပြီးများများစားစား တွေ့မြင်လာရပါတယ်။

Leonovo ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းတုန်းက Tab P11 Pro နာမည်နဲ့ အလယ်အလတ်တန်းစား Android တက်ဘလက်ကို ကြေညာခဲ့ပါတယ်။ တစ်လနီးပါးကြာပြီးတဲ့အချိန်မှာ Lenovo Xiaoxin တရားဝင် Weibo အကောင့်ဟာ ဒီတက်ဘလက်ကို တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ ဖြန့်ချိတော့မယ်ဆိုတာကို စတင် Tease လုပ်လာတာကို တွေ့ရပါတယ်။

Xiaoxin ဟာ Lenovo Laptop နဲ့ Tablet စီးရီးတွေကို တရုတ်နိုင်ငံဈေးကွက်ထဲ သီးသန့်မူပိုင်နဲ့ ဖြန့်ချိနေတာ ဖြစ်ပါတယ်။ အခုမြင်တွေ့ရတဲ့ Teaser အရ Xiaoxin ရဲ့ တက်ဘလက်ဟာ မကြာသေးခင်ကကြေညာခဲ့တဲ့ Tab P11 Pro ပဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

Lenovo Tab P11 Pro ဟာ 11.5-inch 2K (2560 x 1600 Pixels) OLED မျက်နှာပြင်နဲ့ဖြစ်ပြီး 16:10 အချိုးအစား၊ HDR10, Dolby Vision နဲ့ Lenovo Precision Pen 2 အထောက်အပံ့တွေ ရှိပါတယ်။ Qualcomm Snapdragon 730G processor ကို 4GB/6GB of RAM နဲ့ တွဲဖက်ထားပြီး သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်ပါတယ်။

ဒီတက်ဘလက်မှာ JBL quad-speaker, 13MP (wide) + 5MP (ultra-wide) ကင်မရာနှစ်လုံး တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာလည်း ToF 3D sensor နဲ့ 8MP front-facing ကင်မရာကို တပ်ဆင်ပေးထားပါသေးတယ်။ Android 10 မောင်းနှင်ပြီး desktop-like UI, ကီးဘုတ်နဲ့ဆက်စပ်ပစ္စည်းတွေအတွက် Pogo-pin တွေနဲ့ USB-Type-C ကတဆင့်အားသွင်းနိုင်တဲ့ 8,600mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။

Lenovo Tab P11 Pro ကို လာမယ့်နိုဝင်ဘာလထဲမှာ အနိမ့်ဆုံးဈေးနှုန်း ယူရို ၆၉၉ (၁၀ သိန်း ၆ သောင်းခွဲဝန်းကျင်) နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။ Wi-Fi only နဲ့ Wi-Fi + LTE အမျိုးအစားဆိုပြီး နှစ်မျိုးရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် Xiaoxin တက်ဘက်အနေနဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာတော့ ဈေးနှုန်းချိုသာနိုင်ဖွယ်ရှိပါတယ်။

Ref: Gizmochina