Samsung က ဒီလထဲ တရုတ်မှာ Mobile Processor အသစ် ၁ လုံးကို ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ ဖိတ်စာမှာ Exynos 1080 လို့ ဖော်ပြထားပါတယ်။ ဒီလ ၁၂ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး ၂၀၁၉ စက်တင်ဘာလမှာ မိတ်ဆက်ခဲ့ကာ Vivo X30 5G နဲ့ ပွဲထွက်ခဲ့တဲ့ Exynos 980 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။
Samsung က Exynos 1080 ရဲ့ သတင်းအချက်အလက် တချို့ကို ပြီးခဲ့တဲ့ လက ပြောကြားခဲ့ပြီး Arm Cortex-A78 Performance Cores ပါတဲ့ 5nm Processor ဖြစ်ပါတယ်။ Cortex-A78 ဟာ Cortex-A77 ထက် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း ပိုကောင်းတယ်လို့ သိရပါတယ်။ Exynos 1080 မှာ Mali-G78 GPU ပါလာပြီး Mali-G77 GPU ထက် စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်း ပိုမြင့်ပါတယ်။ အဲဒီ Processor မှာ 5G Modem ထည့်ထားပါတယ်။
အောက်တိုဘာလမှာ အဲဒီ Processor ရဲ့ သတင်းအချက်အလက် တချို့ကို ပထမဆုံး ပြောကြားပြီးနောက် သိပ်မကြာခင်မှာပဲ AnTuTu Benchmark မှာ Exynos 1080 ထည့်ထားတဲ့ လျှို့ဝှက်နာမည် Orion စမတ်ဖုန်းကို တွေ့ခဲ့ရပါတယ်။ AnTuTu က စာရင်းအရ Exynos 1080 မှာ Cortex-A78 Core ၄ လုံးနဲ့ Cortex-A55 Core ၄ လုံး ပါတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ဖုန်းဟာ ၆၉၃,၆၀၀ မှတ်ရသွားပြီး Snapdragon 865 Plus ထက်တောင် အမှတ် များနေပါတယ်။
AnTuTu က စာရင်းအရ အဲဒီဖုန်းမှာ 8GB LPDDR5 RAM , 512GB UFS 3.1 Storage, 120Hz Refresh Rate နဲ့ Android 11 ထည့်သွင်းထားပါတယ်။ အဲဒီ Chipset ကို Vivo X60 Series နဲ့ မိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့အတွက် AnTuTu က ဖုန်းဟာ Vivo ဖုန်း ဖြစ်နိုင်ပါတယ်။
Ref : gizmochina