လန်ဒန်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးက TikTok ဟာ ဥရောပသမဂ္ဂရဲ့ တင်းကျပ်တဲ့အချက်အလက်ကာကွယ်မှုစည်းမျဉ်းကို ဖောက်ဖျက်ကြောင်း တိုင်တန်းလိုက်ပါတယ်။ လန်ဒန်က တရားသူကြီးတစ်ဦးက အမည်မသိမိန်းကလေးရဲ့ တရားစွဲဆိုမှုကို ရှေ့ဆက်နိုင်ဖို့အတွက် ကူညီပေးနေတယ်လို့လည်း Bloomberg က ရေးသားဖော်ပြခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ ကလေးများဆိုင်ရာကော်မရှင်နာ Anne Longfield ကတော့ အမှုဖွင့်တိုင်ကြားသူရဲ့ ကိုယ်စား တရားရုံးကို တက်ရောက်ရင်ဆိုင်ပေးမယ်လို့လည်း သိရပါတယ်။ ကော်မရှင်နာအနေနဲ့ တရားစွဲဆိုတဲ့ မိန်းကလေးကို မျက်နှာမပြစေဘဲ၊ သူမကိုယ်စား ရှေ့ထွက်ပေးဖို့ဟာ အင်မတန်အရေးကြီးမှန်း သိနားလည်ထားပါတယ်။

“တရားရုံးအနေနဲ့၊ မိန်းကလေးကို လျှိုဝှက်ပေးထားဖို့ လိုအပ်ပါတယ်။ သူမသာမျက်နှာပြလိုက်မယ်ဆိုရင် TikTok app အသုံးပြုသူတွေ၊ ဒါမှမဟုတ် အခြားအွန်လိုင်းအသုံးပြုသူတွေရဲ့ တိုက်ရိုက် အနိုင့်အထက်ပြုကျင့်ခြင်းကို ခံစားရနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးတော့ Social media influencer တွေဆီကနေ အပျက်သဘောဆောင်တဲ့ ဒါမှမဟုတ် ရန်လိုတဲ့တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်” လို့ Anne Longfield က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပုဂ္ဂလိက အချက်အလက်တွေကို အသုံးချခံရတယ်ဆိုတဲ့ မိန်းကလေးရဲ့ စွပ်စွဲမှုဟာ မှန်၊ မမှန် ဆုံးဖြတ်ဖို့ တရားရုံးဆီသွားသင့်တယ်လို့ တရားသူကြီး Mark Warby က ဆိုပါတယ်။ မိန်းကလေးအမည်ကို မဖော်ခြင်းဟာ ကလေးငယ်တွေရဲ့ အချက်အလက်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အခွင့်အရေးတွေကိုတောင်းဆိုတာ မှန်ကန်ကြောင်းသက်သေပြသလိုပဲလို့ ဆိုပါတယ်။

ဥရောပမှာ TikTok ရဲ့ ကလေးသူငယ်ဆိုင်ရာ ပုဂ္ဂလိကအချက်အလက်စုဆောင်းမှုဟာ EU စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ တင်းကျပ်တဲ့စည်းမျဉ်းတွေအောက်မှာ ရှိနေပါတယ်။ TikTok ရဲ့ လုပ်ငန်းစဉ်နဲ့ လက်တွေ့အကောင်အထည်ဖော်ခြင်း တွေကို စုံစမ်းရေးအစီအစဉ်တွေအရ ပြီးခဲ့တဲ့ဇွန်လတုန်းက Data-Protection အကြီးအကဲတွေက လုပ်ငန်းအဖွဲ့တစ်ခုကို တည်ထောင်ခဲ့ပါတယ်။

TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ တရုတ်အခြေစိုက်ကုမ္ပဏီဖြစ်တာကြောင် အချက်အလက်တွေကို တရုတ်အစိုးရဆီပြန်ပို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Ref: Phone Arena