Redmi Note 10 နဲ့ Note 10 Pro တို့ကို လာမယ့်ဖေဖော်ဝါရီလအတွင်း အိန္ဒိယဈေးကွက်မှာ ကြေညာမယ်လို့ သတင်းထွက်ထားတာ ဖြစ်ပါတယ်။ ဒီလ ပထမဆုံးပတ်တုန်းကတော့ Redmi Note 10 Pro ကို FCC မှာ မြင်တွေ့ခဲ့ရပါတယ်။ Redmi Note 10 ကတော့ အခုမှ FCC Certification ရလာတာ ဖြစ်ပါတယ်။

FCC ကအတည်ပြုလုပ်တဲ့ Device မော်ဒယ်နံပါတ်ဟာ M2101K7AG ဖြစ်ပါတယ်။ ဒီမော်ဒယ်နံပါတ်ဟာ Redmi Note 10 နဲ့သက်ဆိုင်တယ်ဆိုတာ အထူးတလည်ရှင်းပြစရာမလိုပါဘူး။ ဒီမော်ဒယ်နံပါတ်ကို Eurasian Economic Commission (EEC) နဲ့ အင်ဒိုနီးရှားရဲ့ TKDN authority မှာလည်း တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။

FCC listing မှာတော့ Redmi Note 10 ရဲ့ အသေးစိတ်အချက်အလက်အနည်းငယ်ကို သိရှိခဲ့ကြရပါသေးတယ်။ FCC listing အရ မော်ဒယ်နံပါတ် M2101K7AG ဟာ 4G Redmi Note 10 နဲ့ သက်ဆိုင်ကြောင်း ဖော်ပြပါတယ်။ MIUI 12 ကို အသုံးပြုထားပြီး 4G LTE နဲ့ Dual-Band Wi-Fi တို့ ပါဝင်ပါတယ်။

မကြာသေးခင်ကပေါက်ကြားခဲ့တဲ့သတင်းတွေအရ Redmi Note 10 ဟာ Gray, White နဲ့ Green ဆိုပြီး အရောင်သုံးမျိုးရှိကြောင်း သိရပါတယ်။ Digital Chat station ရဲ့ အဆိုအရ 8MP selfie, 48MP အပါအဝင် ကျောဘက်ကင်မရာသုံးလုံး၊ 2.0GHz eight-core processor, 6,000mAh ဘက်ထရီနဲ့ 22.5W အမြန်အားသွင်းစနစ်တွေ ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Ref: Gizmochina