Microsoft ဟာ အခုနောက်ပိုင်းမှာ Password အစားထိုး Login ပြုလုပ်နိုင်ဖို့အတွက် ဆက်တိုက်ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ ကိုယ့် Account မှာ Password ကို လုံးဝဖြုတ်ထားနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီအတွက် Microsoft Account ကို အသုံးပြုနေတယ်ဆိုရင် Password ရိုက်ပြီး ဝင်ရောက်မယ့်အစား Microsoft Authenticator App ၊ Windows Hello ၊ Security Key သို့မဟုတ် SMS နဲ့ Email တွေကိုပေးပို့တဲ့ Code တွေကို အသုံးပြုပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။ ယခင်ထဲက အဆိုပါ Feature တွေကို အသုံးပြုနိုင်တယ်ဆိုပေမယ့် ယခင်တုန်းက Password မဖြစ်မနေထည့်သွင်းဖို့လိုအပ်ပြီးတော့ အခုအချိန်မှာတော့ Password ကို လုံးဝဖြုတ်ထားနိုင်ပြီဖြစ်ပါတယ်။

ဒီလိုမျိုး Password မပါဘဲ ဝင်ရောက်ဖို့အတွက် Microsoft Account တင်မဟုတ်ဘဲ Outlook ၊ OneDrive ၊ Microsoft Family Safety အပြင် Xbox Series X/S တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Microsoft ဟာ အဆိုပါ Feature ကို အခုအချိန်က စတင်ပြီးထုတ်ပေးသွားမယ်လို့ သိရပြီး ဖြစ်နိုင်ခြေများနေတာကတော့ လာမယ့်အောက်တိုဘာလ ၅ ရက်နေ့မှာ Windows 11 Stable Update မထုတ်ခင်မှာ အသုံးပြုနိုင်အောင် Update ပြုလုပ်ပေးသွားမယ်လို့ ယူဆရပါတယ်။

ဒီလိုမျိုး Password ကိုဖြုတ်ထားဖို့အတွက် အရင်ဆုံး ကိုယ့်စမတ်ဖုန်းမှာ Microsoft Authenticator App ကို သွင်းထားဖို့ လိုအပ်မှာဖြစ်ပြီး Microsoft Account ကိုပါ ဝင်ရောက်ထားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Microsoft Account Settings – Advanced Security Options – Additional Security မှာ သွားပြီး Password ကို Disable ပြုလုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Password မလိုအပ်တော့တာကြောင့် မှတ်ထားစရာမလိုတော့သလို လုံခြုံရေးပိုင်းမှာလည်း ပိုပြီးကောင်းမွန်လာမယ်လို့တောင် ပြောနိုင်ပါတယ်။

Ref – Engadget