Motorola ဟာ ဒီနှစ်ထဲမှာ စမတ်နာရီ အနည်းငယ်ကို ထုတ်လုပ်ရောင်းချတော့မယ်လို့ ထင်ရပါတယ်။ အဲဒီအထဲက ၁ လုံးဟာ Moto Watch 100 ဖြစ်ပြီး Snapdragon Wear 4100 နဲ့ Google Wear OS မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီ စမတ်နာရီရဲ့ ဓါတ်ပုံနဲ့ Specs တချို့ ပေါက်ကြားထွက်ပေါ်လာပါတယ်။
Moto Watch 100 မှာ မျက်နှာပြင် အဝိုင်း ပါလာမှာ ဖြစ်ပြီး ညာဘက်မှာ ခလုတ် ၂ ခု တပ်ဆင်ထားပါတယ်။ ခလုတ်တွေဟာ အရင်က ထွက်ခဲ့တဲ့ ပုံတွေနဲ့ မတူညီဘဲ လုံးဝိုင်းတဲ့ ခလုတ်တွေကို အရင်က ပုံတွေမှာ တွေ့ခဲ့ရပါတယ်။ မတူညီတဲ့ Moto Watch 100 မော်ဒယ် ၂ ခု ဖြစ်နိုင်သလို လုံးဝ မတူညီတဲ့ စမတ်နာရီ မော်ဒယ်တွေလည်း ဖြစ်နိုင်ပါတယ်။
အခုထွက်လာတဲ့ သတင်းအရ Moto Watch 100 မှာ ၁.၃ လက်မ LCD 360x360p Resolution ပါလာမှာ ဖြစ်ပေမယ့် Rotating Bezel မပါလာပါဘူး။ ဘက်ထရီက 355mAh ဖြစ်နိုင်ပြီး Bluetooth 5.0 ဆက်သွယ်မှု ပါလာနိုင်ပါတယ်။
Moto Watch 100 မှာ အိပ်စက်မှု၊ ခြေလှမ်း၊ နှလုံးခုန်နှုန်းနဲ့ သွေးတွင်း အောက်ဆီဂျင် ပမာဏ တွက်ချက်တာ အပါအဝင် အခြေခံ ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်မှု လုပ်ဆောင်ချက်တွေ ထည့်သွင်းထားနိုင်ပါတယ်။ GPS ပါတဲ့အတွက် တည်နေရာ ညွှန်ပြမှုအတွက် စမတ်ဖုန်းကို အားကိုးစရာ မလိုပါဘူး။
အလေးချိန်က ၂၉ ဂရမ်နဲ့ အရွယ်အစားအပြည့်အစုံက 42 x 46 x 11.9 mm ရှိမှာြဖစ်ပြီး လက်ပတ်ကြိုး အကျယ်က ၂၀ မီလီမီတာ ဖြစ်နိုင်ပါတယ်။ အရင်သတင်းအရ စမတ်နာရီရဲ့ ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်မှာပါ။
Motorola က Moto Watch 100 အကြောင်းကို ဘာမှ မပြောသေးဘဲ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ စမတ်နာရီရဲ့ သတင်းတွေ ပိုမို ထွက်လာနိုင်ပါတယ်။
Ref : gsmarena