ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေထဲက တစ်ဦးဖြစ်သူ Elon Musk က ရုရှား သမ္မတ ပူတင်ကို တစ်ယောက်ချင်း ချဖို့ တွစ်တာကနေ စိန်ခေါ်ခဲ့ပါတယ်။ Musk က ဗလာဒီမီယာ ပူတင်ကို တစ်ယောက်ချင်း ချဖို့ စိန်ခေါ်လိုက်တယ်လို့ တွစ်တာမှာ တနင်္လာနေ့က ရေးသားခဲ့ပါတယ်။ နောက်ထပ် Tweet ၁ ခုမှာ Musk က ပူတင်ရဲ့ တရားဝင် တွစ်တာ အကောင့်ကို Tag လုပ်ကာ အဲဒီ စိန်ခေါ်မှုကို လက်ခံသလားလို့ ရေးသားခဲ့ပါတယ်။

ရုရှား အာကာသ အေဂျင်စီ Roscosmos မှ အကြီးအကဲ Dmitry Rogozin က Musk ရဲ့ Tweet ကို တုန့်ပြန်တဲ့ အနေနဲ့ ငယ်ပါသေးတယ်၊ မကောင်းဆိုးဝါးငယ်လေးရယ်လို့ ပို့စ်တင်ခဲ့ပါတယ်။

ယူကရိန်းရဲ့ ဒုတိယ ဝန်ကြီးချုပ် Mykhailo Fedorov က Musk ကို ထောက်ခံအားပေးတဲ့ အနေနဲ့ Elon Musk ဟာ ပူတင်ကို ဂျူပီတာဂြိုလ်ကို ပို့နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူက အာကာသယာဉ်ထဲ ပူတင်ကို ထည့်သွင်းထားတဲ့ Meme ကို တင်ခဲ့ပြီး ပူတင်ကို ဂျူပီတာဂြိုလ် ပို့လိုက်ပါ ဆိုတဲ့ စာသားကို ရေးသားခဲ့ပါတယ်။ Meme မှာ ယူကရိန်း စစ်တပ်ကို အလှူငွေ ထည့်နိုင်တဲ့ ဝက်ဘ်ဆိုက်ရဲ့ လင့်ကို ထည့်သွင်းထားပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတာ ၃ ပတ်နီးပါး ရှိပြီ ဖြစ်ပြီး ယူကရိန်း အစိုးရရဲ့ တောင်းဆိုမှုကြောင့် Musk ဟာ ယူကရိန်းမှာ Starlink ဂြိုလ်တု အင်တာနက်ကို ပံ့ပိုးပေးခဲ့ပါတယ်။

Rogozin ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကို တုန့်ပြန်တဲ့ အနေနဲ့ ရုရှားရဲ့ ဒုံးပျံတွေကို အမေရိကန်ကို မရောင်းတော့ဘူးလို့ ကြေညာပြီးနောက် ပြီးခဲ့တဲ့ ၁ ပတ်က Musk ဟာ Rogozin ကို လှောင်ပြောင်ခဲ့ပါသေးတယ်။

Ref : nypost