Google ဟာ ယခုလအစောပိုင်းမှာ Pixel ဖုန်းတွေအတွက် Android 13 Stable OS Update ကို ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ကတော့ Android 13 ကို အသုံးပြုထားတဲ့ Stable OS ကို Update ထုတ်ပေးနိုင်ခြင်းမရှိသေးပါဘူး။

လောလောဆယ်မှာ OnePlus အပြင် တချို့သော စမတ်ဖုန်းကုမ္ပဏီတွေက Android 13 OS ကို Beta Version အနေနဲ့ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီတွေထဲမှာ Samsung လည်းပါဝင်ပြီးတော့ လက်ရှိအချိန်မှာ Android 13 OS ကို အခြေခံထားတဲ့ OneUI 5.0 Beta ကို Beta Version အနေနဲ့ စမ်းသပ်မှုတွေပြုလုပ်နေပြီလို့ သိရပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Samsung ဟာ Android 13 OS ကို အသုံးပြုထားတဲ့ OneUI 5.0 Stable Update ကို လာမယ့် အောက်တိုဘာလအတွင်းမှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ Leakster တစ်ဦးဖြစ်တဲ့ RoderSuper ကနေ Twitter စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး သူ့ရဲ့ ဖော်ပြချက်အရ Samsung ဟာ OneUI 5.0 Stable Update ကို လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့ သို့မဟုတ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

OneUI 5.0 Stable Update ဟာ အောက်တိုဘာလမှာ Update ပြုလုပ်နိုင်မှာဖြစ်ပေမယ့် Samsung ဖုန်းတွေအကုန်လုံးအသုံးပြုနိုင်ဦးမှာမဟုတ်ဘဲ Galaxy S22 Series ဖုန်းတွေပဲ အစောဆုံးရရှိသွားမှာဖြစ်ပါတယ်။ OneUI 5.0 ဟာ UI Design ပိုင်းပြောင်းလဲမှုတွေအပြင် Permission ပိုင်း၊ Theme ပိုင်းအဆင့်မြှင့်တင်မှုတွေနဲ့ App တစ်ခုချင်းစီအလိုက် ဘာသာစကားပြောင်းလဲနိုင်တဲ့ Feature အသစ်တွေရရှိလာမှာဖြစ်ပါတယ်။

Ref – Gizmo China