Samsung ရဲ့ Galaxy Z Fold4 နဲ့ Z Flip4 တို့ဟာ ဥရောပက နိုင်ငံ ၃၆ ခုမှာ ရောင်းအား အလွန်ကောင်းနေပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးဟာ ဥရောပမှာ Galaxy Z Fold3 နဲ့ Z Flip3 တို့ရဲ့ ရောင်းအားထက် ၂ ဆများနေတယ်လို့ Samsung Europe ရဲ့ Chief Marketing Officer ဖြစ်သူ Benjamin Braun က ပြောပါတယ်။
သူက “ ဥရောပမှာ Galaxy Z Fold4 နဲ့ Z Flip4 ရဲ့ ရောင်းအားဟာ အရင်မျိုးဆက်ထက် ၂ ဆ ပိုများနေပါတယ်။ အဲဒီ စမတ်ဖုန်းတွေရဲ့ ပထမအသုတ် ရောင်းအားဟာ ဥရောပမှာ အမြင့်ဆုံး ဖြစ်နေပါတယ်။ “ လို့ ဘာလင်မှာ ကျင်းပနေတဲ့ IFA နည်းပညာ ပြပွဲမှာ မီဒီယာတွေကို ပြောပါတယ်။
Samsung ဟာ ဩဂုတ်လ ၂၆ ရက်နေ့မှာ ဗြိတိန်၊ ဂျာမနီ၊ စပိန်နဲ့ နယ်သာလန် အပါအဝင် ဥရောပ နိုင်ငံ ၃၆ ခုမှာ အဲဒီ Foldable စမတ်ဖုန်းတွေကို ရောင်းချပေးခဲ့ပြီး ရောင်းအား ကောင်းနေပါတယ်။
အဲဒီ စမတ်ဖုန်း ၂ လုံးထဲမှာ Galaxy Z Flip4 ဟာ Galaxy Z Fold4 ထက် ရောင်းအား ပိုကောင်းနေပါတယ်။ Galaxy Z Flip4 ဟာ ဈေးနှုန်း အပိုင်းမှာ Galaxy Z Fold4 ထက် နည်းပါးပါတယ်။
Samsung က Galaxy Z Flip4 မှာ အရွယ်အစား ပိုမို ကြီးမားတဲ့ ဘက်ထရီ၊ ပိုမြန်တဲ့ အားသွင်းနှုန်းနဲ့ ပိုကောင်းတဲ့ ကင်မရာတွေ ထည့်သွင်းထားပြီး Galaxy Z Fold4 မှာ ပင်မနဲ့ Telephoto ကင်မရာ အသစ်တွေ တပ်ဆင်ထားကာ ဒီဇိုင်းနဲ့ မျက်နှာပြင်ကို ဆန်းသစ်ထားပါတယ်။
Ref : gsmarena