Samsung နဲ့ OPPO တို့ဟာ Foldable စမတ်ဖုန်းဈေးကွက်မှာ ပြိုင်ဘက်တွေဖြစ်လာပြီလို့ ပြောရတော့မှာပါပဲ။ အထူးသဖြင့် Clamshell foldable အမျိုးအစားမှာပါ။ Samsung Galaxy Z Fold စီးရီးကတော့ အခုအချိန်အထိ ပြိုင်ဘက်မရှိဘူးလို့ ဆိုနိုင်လောက်ပေမဲ့ Flip မှာတော့ ဒီလိုမဟုတ်ပါဘူး။

OPPO ဟာ မကြာသေးခင်ကပဲ နိုင်ငံတကာဈေးကွက်ဆီ OPPO Find N2 Flip ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းဟာ Samsung Galaxy Z Flip 4 ကို တိုက်ရိုက်ယှဉ်ပြိုင်ပြီး ဈေးကွက်ဝေစုကို ခွဲယူဖို့ ကြိုးစားလာတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ အကြောင်းက Find N2 Flip ဟာ Galaxy Z Flip4 ထက် အားသာချက်အချို့ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပိုကြီးတဲ့ ကာဗာမျက်နှာပြင်၊ အမြန်အားသွင်းနိုင်မှု၊ ပိုကြီးတဲ့ ဘက်ထရီ စတာတွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Samsung ကလည်း Samsung Galaxy Z Flip5 နဲ့အတူ သူ့ရဲ့ ဈေးကွက်ဝေစုကို ကာကွယ်ဖို့ ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုတွေပြင်းထန်လာတာကြောင့် Samsung ဟာ သူ့ရဲ့ ပဉ္စမမျိုးဆက် Foldable အတွက် သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ပြင်ဆင်ထည့်သွင်းလာတာပဲ ဖြစ်ပါတယ်။ Display Supply Chain က သုတေသီ Ross Young ရဲ့ ပြောဆိုချက်အရ Galaxy Z Flip5 မှာ 3-inch ထက်ပိုကြီးတဲ့ Cover panel နဲ့ လာမယ်လို့ သိရပါတယ်။ Galaxy Z Flip4 မှာတော့ 1.9-inch cover panel ပဲ ပါရှိခဲ့တာပါ။

နာမည်ကျော် Tipster ဖြစ်တဲ့ Ice Universe ကလည်း Galaxy Z Flip5 ရဲ့ Cover panel ဟာ 3.26-inch ရှိတဲ့ OPPO Find N2 Flip ထက် ပိုကြီးမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် Galaxy Z Flip 5 မှာ မတူညီတဲ့ Hinge လည်း ပါဝင်မယ်လို့ Ross Young က ပြောထားပါသေးတယ်။ ဒါဟာ ကြားထဲက စပ်ကြောင်းမြင်နေရတာကိုလည်း သိသိသာသာ လျော့ကျစေမှာဖြစ်သလို ခေါက်ကြောင်းမြင်နေရတဲ့ ခံစားချက်ကိုလည်း လျှော့ချပေးမယ်လို့ ဆိုပါတယ်။

သေချာတာကတော့ Galaxy Z Filp5 ဟာ Hardware ပိုင်းအရ ပိုကောင်းလာမယ်ဆိုတာပါပဲ။ OPPO Find N2 Flip မှာ Dimensity 9000+ SoC သုံးထားပြီး တချို့ကတော့ Snapdragon 8+ Gen 1 နဲ့ Z Flip4 ကို နှိုင်းယှဉ်ရွေးချယ်ကြပါလိမ့်မယ်။ Galaxy Z Flip5 ကတော့ Snapdragon 8 Gen 2 ကို သယ်ဆောင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Galaxy Z Flip5 ဟာ OPPO Find N2 Flip ကို ယှဉ်ပြိုင်ဖို့ ပိုကောင်းမွန်တဲ့ Hardware ပိုင်း အဆင့်မြှင့်တင်မှုကို မျှော်လင့်နိုင်မယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizchina