Xiaomi ဟာ Foldable ဖုန်းအနေနဲ့ Xiaomi Mix Fold 2 ဖုန်းကို မနှစ်တုန်းက နောက်ဆုံးမိတ်ဆက်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ တခြားသော တရုတ်စမတ်ဖုန်းကုမ္ပဏီတွေက ပုံမှန် Foldable Design အပြင် အပေါ်အောက်ခေါက်ချိုးနိုင်တဲ့ Clamshell Design Foldable ဖုန်းတွေကိုပါ အပြိုင်အဆိုင် မိတ်ဆက်နေပေမယ့် Xiaomi ကတော့ Foldable ဖုန်းထုတ်လုပ်မှုပိုင်းမှာ အနည်းငယ်ငြိမ်သက်နေတယ်လို့တောင် ဆိုနိုင်ပါတယ်။

ဒါပေမယ့် Xiaomi ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ Display နည်းပညာတစ်ခုကို မူပိုင်ခွင့်ရယူခဲ့ပါတယ်။ ဒါက ပုံမှန်လိုမျိုး ခေါက်သိမ်းနိုင်တဲ့ Foldable Design အစား လိပ်သိမ်းနိုင်တဲ့ Rollable Scroll Display နည်းပညာပဲဖြစ်ပါတယ်။

ဒါ့အပြင် Xiaomi က ရယူလိုက်တဲ့ မူပိုင်ခွင့်မှာ အဆိုပါ Rollable Scroll Display ရဲ့ ပုံကြမ်းတွေပါဝင်ခဲ့ပြီး Display ကို အသုံးမပြုလိုတဲ့အချိန်မှာ စာလိပ်လိုမျိုး ပြန်လည် လိပ်သိမ်းနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး Display လိပ်သိမ်းရတဲ့အတွက် ဖုန်းရဲ့ ဘေးဘက်တစ်ဖက်ခြမ်းက သာမန်ဖုန်းတွေထက်ပိုထူနေမှာပါ။

Xiaomi ကနေ ရယူခဲ့တဲ့ မူပိုင်ခွင့်မှာ ဖုန်းရဲ့ အနောက်ဖက် Camera ထားရှိမယ့်နေရာတွေပါဝင်ခြင်းမရှိသလို Selfie Camera ကိုလည်း Pop-up Design ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုလိုမျိုး Rollable Display ဖုန်းကို မိတ်ဆက်ဖို့က အချိန်အတော်ကြာစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – Gizmo China