Elon Musk က Co-founder အဖြစ်တာဝန်ယူထားတဲ့ Neuralink ကုမ္ပဏီဟာ ဦးနှောက်အတွင်းကို Chip ထည့်သွင်းပြီး Brain-computer နည်းပညာကို တီထွင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဆိုပါ Neuralink နည်းပညာကို အသုံးပြုနိုင်ဖို့အတွက် US အစိုးရကိုယ်တိုင် ခွင့်ပြုပေးလိုက်ပြီဖြစ်တာကြောင့် စမ်းသပ်မှုတွေကို စတင်တော့မယ်လို့ သိရပါတယ်။
Elon Musk ရဲ့ ပြောကြားချက်အရ Neuralink ဟာ လူသားတွေအပေါ်မှာ ပထမဆုံးစမ်းသပ်မှုတွေကို ယခုနှစ်အတွင်းမှာ ပြုလုပ်သွားဖို့အထိ စီစဥ်နေတယ်လို့ သိရပါတယ်။ စစခြင်း စမ်းသပ်မှုတွေဟာ ခန္ဓာကိုယ်အောက်ပိုင်း အသုံးပြုနိုင်ခြင်းမရှိတဲ့ လူနာတွေကို စတင်ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ Neuralink ကုမ္ပဏီကို တိရစ္ဆာန်တွေအပေါ်မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပေမယ့်လည်း လူသားတွေအပေါ်မှာ စမ်းသပ်မှုပြုလုပ်ဖို့အတွက် US Food and Drug Administration (FDA) ရဲ့ ခွင့်ပြုချက်ရရှိထားတာကြောင့် ဆက်လက်ဆောင်ရွက်သွားဖွယ်ရှိနေပါတယ်။
အခုလိုမျိုး လူသားတွေနဲ့ စမ်းသပ်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် Neuralink ရဲ့ Brain-computer နည်းပညာတွေအတွက် ခြေလှမ်းသစ်တစ်ခုဖြစ်လာမှာပါ။ အခုလိုမျိုး ဦးနှောက်အတွင်း Chip ထည့်သွင်းလိုက်တဲ့အတွက် သာမန်လူသားတစ်ဦးထက်ပိုပြီး တွေးခေါ်သုံးသပ်နိုင်မှာဖြစ်သလို တခြားနည်းပညာအသစ်တွေကိုပါ ဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။
ဒါပေမယ့် Neuralink နည်းပညာဟာ လက်ရှိအချိန်အထိ ကန့်ကွက်မှုတွေ၊ ဝေဖန်မှုတွေလည်း ကြုံတွေ့နေရတာကြောင့် ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – Gizmo China