Huawei ကနေ ယခုနှစ်ကုန်ပိုင်းမှာ Mate 60 Series Flagship ဖုန်းတွေကို မိတ်ဆက်သွားဖို့ကျန်ရှိနေသေးပြီး ဒီဇိုင်းပိုင်းကို ပြောင်းလဲထားမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Huawei Mate 60 Series ဖုန်းတွေထဲက Mate 60 ဖုန်းရဲ့ Hands-on ဓါတ်ပုံတွေ ပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါ Hands-on ဓါတ်ပုံတွေဟာ တရုတ်နိုင်ငံသုံး Social Media Website တစ်ခုဖြစ်တဲ့ Weibo မှာ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ ဖုန်းရဲ့ နောက်ကျော Cover အပြင် အတွင်းဘက်အစိတ်အပိုင်းတွေက သပ်သပ်စီဖြစ်နေတဲ့အတွက် ထုတ်လုပ်မှုအစောပိုင်းအဆင့်ပဲရှိဦးမယ်လို့ ခန့်မှန်းရပါတယ်။

Huawei Mate 60 ဖုန်းဟာ Camera ပိုင်းမှာ စက်ဝိုင်းပုံစံကင်မရာဒီဇိုင်းကို အသုံးပြုထားမှာဖြစ်ပြီး Triple Camera Setup အမျိုးအစားဖြစ်မှာပါ။ ဒါ့အပြင် ယခင် Huawei Mate 50 Series နဲ့ ကွဲပြားတဲ့ Two-tone ဒီဇိုင်းနဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ နောက်ဖက် Cover ကိုတော့ Frosted Glass အသုံးပြုထားမယ်လို့ ခန့်မှန်းရပြီး ဘေးဘက်ဘောင်တွေကိုတော့ Metal ဖြင့် ပြုလုပ်ထားမယ်လို့ ယူဆရပါတယ်။

Huawei Mate 60 ဖုန်းဟာ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ 1220p Resolution နဲ့ 120Hz Refresh Rate ရှိတဲ့ OLED Display အပြင် အရှေ့ဘက် Selfie Camera ပိုင်းကိုလည်း Apple ရဲ့ Dynamic Island ပုံစံ Dual Camera Setup ကို 3D ToF Sensor တွေထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒီလိုမျိုး Apple Dynamic Island နဲ့ဆင်တူပေမယ့် Huawei ကတော့ အဆိုပါ Feature ကို Live Window ဆိုပြီး နာမည်ပြောင်းလဲ ခေါ်ဆိုထားမှာဖြစ်ပါတယ်။

ဒါ့အပြင် Huawei Mate 60 Series ဟာ အချိန်အကြာကြီးနေပြီးမှ 5G Network ကို ပြန်လည်အသုံးပြုနိုင်မယ့် ဖုန်းတွေဖြစ်လာမယ့်အတွက် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena