Xiaomi က လျှပ်စစ်ကားလုပ်ငန်းအတွက် တရားဝင် ဝက်ဘ်ဆိုက်ကို လွှင့်တင်လိုက်ပါတယ်။ Xiaomiev.com မှာ Xiaomi ရဲ့ လျှပ်စစ်ကားနဲ့ သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။
Xiaomi ဟာ ၂၀၂၁ ခုနှစ်မှာ လျှပ်စစ်ကား ကုမ္ပဏီကို စတင် တည်ထောင်ခဲ့ပြီး Lei Jun ဟာ ကုမ္ပဏီရဲ့ CEO တာဝန်ကို ရယူထားပါတယ်။ Xiaomi က SU7 ပထမဆုံး လျှပ်စစ်ကားကို ကြေညာပြီးနောက်မှာ အခု ဝက်ဘ်ဆိုက်ကို လွှင့်တင်လိုက်တာပါ။
Xiaomi ရဲ့ လျှပ်စစ်ကား ကုမ္ပဏီကို တည်ထောင်ပြီးနောက်မှာ ဝက်ဘ်ဆိုက်ကို မှတ်ပုံတင်ထားတာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ မှတ်ပုံတင်တာကို ခွင့်ပြုခဲ့ပါတယ်။ ဝက်ဘ်ဆိုက်မှာ SU7 ကို အဓိကထားပြသထားပါတယ်။ SU7 ဟာ ၈၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ၂.၇၈ စက္ကန့်အတွင်း ၀ ကနေ ၁၀၀ ကီလိုမီတာ အမြန်နှုန်း မောင်းနှင်နိုင်ပါတယ်။ SU7 မှာ မောင်းသူမဲ့ နည်းပညာ ပါပါတယ်။
လက်ရှိမှာ ဝက်ဘ်ဆိုက်မှာ တရုတ် ဘာသာစကားနဲ့ ရေးသားထားပေမယ့် အနာဂတ်မှာ တခြား ဘာသာစကားတွေကို ထောက်ပံ့လာနိုင်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ Layout က လှပပြီး Xiaomi ရဲ့ စတိုင်တွေကို ထင်ဟပ်စေပါတယ်။ ဒီဇိုင်း ရိုးရှင်းပြီး Home Page မှာ Tab ၇ ခု ထည့်သွင်းထားပါတယ်။
Home Page နဲ့ တခြား Page တွေမှာ SU7 ရဲ့ ဓါတ်ပုံတွေကို ပြသထားပါတယ်။ SU7 ရဲ့ နည်းပညာ သတင်းအချက်အလက်တွေကိုလည်း ဖော်ပြထားပါတယ်။
ဝက်ဘ်ဆိုက်မှာ ကားထုတ်လုပ်တဲ့ ၂ မိနစ်ကြာ ဗီဒီယို ၁ ခုကို ပြသထားပြီး ကားမှာ ထည့်သွင်းထားတဲ့ HyperOS အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ကားရဲ့ ဈေးနှုန်းကိုတော့ မဖော်ပြထားသေးပါဘူး။
Ref: gizmochina