ဂျပန်က ကမ္ဘာ့ ပထမဆုံး သစ်သား ဂြိုလ်တုကို အာကာသသို့ အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။ LignoSat ကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဖလော်ရီဒါရှိ နာဆာရဲ့ ကနေဒီ အာကာသ စင်တာ ကနေ SpaceX Falcon 9 ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာ ဖြစ်ပြီး နောက်တစ်နေ့မှာ နိုင်ငံတကာ အာကာသစခန်း (ISS) ကို ရောက်ရှိသွားပါတယ်။ အဲဒီ ဂြိုလ်တုဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ ၆ လကြာ လှည့်ပတ်နေမှာ ဖြစ်ပါတယ်။
ကျိုတို တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေနဲ့ နေအိမ် တည်ဆောက်တဲ့ Sumitomo Forestry တို့ ပူးပေါင်း ဖန်တီးထားတဲ့ ဂြိုလ်တုရဲ့ မျက်နှာပြင်တစ်ခုစီဟာ ၄ လက်မ (၁၀ စင်တီမီတာ)ပဲ ရှိပါတယ်။ ဂျပန်မှာ ပေါက်တဲ့ Magnolia သစ်ပင် အမျိုးအစား တစ်ခု ဖြစ်တဲ့ ဟိုနိုကီနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး မူလီနဲ့ ကော် မပါဘဲ ဂျပန် ရိုးရာ နည်းပညာနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အာကာသမှာ အမှိုက်တွေကို လျှော့ချပေးဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အတွက် သစ်သား ဂြိုလ်တုကို အသုံးပြုနိုင်မလား ဆိုတာ စမ်းသပ်ဖို့အတွက် အခု စီမံကိန်းကို ပြုလုပ်တာ ဖြစ်ပါတယ်။ သမားရိုးကျ ဂြိုလ်တုတွေဟာ လုပ်ငန်းပြီးဆုံးလို့ ကမ္ဘာမြေပေါ် ကျရောက်လာတဲ့အခါမှာ မီးလောင်ကျွမ်းကြပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ သတ္တု ပစ္စည်းတွေဟာ လုံးဝ မီးလောင်ကျွမ်းမှု မရှိဘဲ သတ္တု အပိုင်းအစတွေဟာ ကမ္ဘာ့ လေထုထဲမှာ ပျံ့နှံ့သွားပါတယ်။ အဲဒီအတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။
LignoSat မှ ဆန်ဆာတွေဟာ အာကာသရဲ့ ပြောင်းလဲမှု ကြီးမားတဲ့ အပူချိန်ကို အံတုနိုင်သလားဆိုတာနဲ့ ပတ်သက်တဲ့ ဒေတာတွေကို သိပ္ပံပညာရှင်တွေထံ ပြန်လည် ပေးပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒီ သစ်သား ဂြိုလ်တု ဒီဇိုင်းဟာ အလုပ်ဖြစ်တယ်ဆိုရင် အနာဂတ်မှာ ကြီးမားတဲ့ သစ်သား ဂြိုလ်တုတွေကို အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။
Ref : digitaltrends