ဂျာမနီ ကုမ္ပဏီ DeepL ဟာ ကမ္ဘာ့အင်တာနက်ကြီး တစ်ခုလုံးကို ၁၈.၅ ရက် (၁၈ ရက်ခွဲ) အတွင်း ဘာသာပြန်ဆိုနိုင်ပြီလို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလိုမျိုး မယုံနိုင်လောက်အောင် မြန်ဆန်တဲ့ ဘာသာပြန်နိုင်စွမ်းကို NVIDIA DGX SuperPOD နဲ့ DGX GB200 စနစ်တွေကို အသုံးပြုပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခင်က DeepL ဟာ ကမ္ဘာ့အင်တာနက်ကို ဘာသာပြန်ဖို့ ရက်ပေါင်း ၁၉၄ ရက် ကြာမြင့်ခဲ့ပေမယ့် အခုအခါမှာတော့ ၁၈ ရက်ခွဲအတွင်း ဘာသာပြန်နိုင်အောင် ၁၀ ဆနီးပါး တိုးတက်လာပြီ ဖြစ်ပါတယ်။ ဒါဟာ DeepL ရဲ့ သုတေသနနဲ့ ထုတ်ကုန်စွမ်းရည်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။
DeepL ရဲ့ တိုးတက်မှုများ
ဘာသာပြန်တဲ့ အမြန်နှုန်း တိုးမြှင့်ခြင်း- NVIDIA ရဲ့ နောက်ဆုံးပေါ် စူပါကွန်ပျူတာစနစ်တွေကို အသုံးပြုပြီး အင်တာနက်ကြီးတစ်ခုလုံးကို ရက် ၁၈.၅ ရက်အတွင်း ဘာသာပြန်နိုင်ခဲ့ပါတယ်။ ဥပမာအနေနဲ့ Oxford English Dictionary ကို ဘာသာပြန်ရာမှာလည်း ၃၉ စက္ကန့်ကနေ ၂ စက္ကန့်အထိ လျှော့ချနိုင်ခဲ့ပါတယ်။
အရည်အသွေးနဲ့ တိကျမှု ပိုကောင်းခြင်း- ဘာသာပြန်ရဲ့ အရည်အသွေး၊ အမြန်နှုန်းနဲ့ ဘာသာစကားရဲ့ အနုစိတ်မှုတွေ ပိုမိုကောင်းမွန်လာပါတယ်။ DeepL ရဲ့ Neural Machine Translation (NMT) နည်းပညာဟာ စကားလုံးတစ်ခုချင်းစီကို မဟုတ်ဘဲ ဝါကျတစ်ခုလုံးရဲ့ အဓိပ္ပာယ်ကို နားလည်ပြီး သဘာဝကျတဲ့ ဘာသာပြန်တွေကို ထုတ်ပေးနိုင်ပါတယ်။
Generative AI စွမ်းရည်များ- ဒီစနစ်သစ်ဟာ DeepL အတွက် Generative AI စွမ်းရည်တွေကို တိုးမြှင့်ဖို့ အခြေခံကောင်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် အနာဂတ်မှာ DeepL အသုံးပြုသူတွေဟာ ပိုမိုမြန်ဆန်ပြီး အပြန်အလှန်တုံ့ပြန်နိုင်တဲ့ ဘာသာပြန်ဝန်ဆောင်မှုတွေကို ရရှိလာမှာ ဖြစ်ပါတယ်။
Multi-modal Models- DeepL ဟာ အနာဂတ်မှာ စာသားအပြင် အခြားဒေတာပုံစံတွေ (ဥပမာ- အသံ၊ ပုံ) နဲ့ ပေါင်းစပ်ပြီး ဘာသာပြန်နိုင်တဲ့ Multi-modal Models တွေဆီကို ဦးတည်သွားဖို့ ရည်ရွယ်ထားပါတယ်။
ဥရောပတွင် ပထမဆုံးအသုံးပြုခြင်း- ဒီ NVIDIA DGX SuperPOD စနစ်ကို ဆွီဒင်နိုင်ငံ EcoDataCenter မှာ တပ်ဆင်အသုံးပြုခဲ့တာဖြစ်ပြီး ဥရောပမှာ ပထမဆုံးအကြိမ် DeepL က စတင်အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
Ref: insideainews