တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေက ဘက်ထရီသက်တမ်းနဲ့ အားသွင်းမြန်နှုန်းကို အပြိုင်အဆိုင် မြှင့်တင်နေချိန်မှာ Samsung၊ Apple နဲ့ Google တို့ကတော့ သူတို့ရဲ့ ထုတ်ကုန်တွေမှာ သုံးစွဲသူဘေးကင်းရေးကို အဓိက ဦးစားပေးအဖြစ် ထားရှိကြောင်း အစဉ်တစိုက် ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီအဆိုကို မေးခွန်းထုတ်စရာ ဖြစ်ရပ်တစ်ခုအနေနဲ့ Samsung ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်ဖုန်းမော်ဒယ်ဖြစ်တဲ့ Galaxy S25 Plus တစ်လုံး အားသွင်းနေတုန်း ပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ဓာတ်ပုံတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီဖြစ်ရပ်ကို မျှဝေခဲ့တဲ့ မူရင်း X (တွစ်တာ) ပို့စ်ကို အခု ဖျက်လိုက်ပြီဖြစ်ပေမဲ့၊ ပေါက်ကွဲမှုကြောင့် ဖုန်းရဲ့ဘေးဘောင်တွေ အရည်ပျော်ပြီး ဘက်ထရီ ဖောင်းကြွတက်လာတဲ့ ပျက်စီးနေတဲ့ ဖုန်းရဲ့ ဓာတ်ပုံတွေကတော့ သတင်းမီဒီယာတွေအကြား ဆက်လက်ပျံ့နှံ့နေတုန်းပါပဲ။သုံးစွဲသူအနေနဲ့ Samsung အသိအမှတ်ပြု မဟုတ်တဲ့ အားသွင်းကိရိယာကို သုံးမိလို့ ဖြစ်နိုင်ပါတယ်လို့ သုံးသပ်ထားကြပါတယ်။
ဒီ S25 Plus ပေါက်ကွဲမှုက Samsung အတွက် တစ်ခုတည်းသော ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ကာလတွေတုန်းကလည်း အလားတူဖြစ်ရပ်တွေအများကြီး ရှိခဲ့ပါတယ်။ Galaxy S23 Ultra တစ်လုံး အားသွင်းနေတုန်း အပူချိန်လွန်ကဲပြီး ဘက်ထရီဖောင်းပွလာကာ ဖုန်းရဲ့ကျောဘက်မှန် ကွဲအက်သွားတဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
ဒါ့အပြင်၊ စမတ်ဖုန်းတွေတင်မကဘဲ ပြီးခဲ့တဲ့နှစ်က Galaxy Buds FE နားကြပ်တစ်လုံး သုံးစွဲသူတစ်ဦးရဲ့ နားထဲမှာ ပေါက်ကွဲခဲ့ပြီး အကြားအာရုံ ချို့ယွင်းမှု ဖြစ်စေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေက Samsung ရဲ့ ‘ဘေးကင်းရေး’ ကို အကြောင်းပြပြီး ဘက်ထရီနဲ့ အားသွင်းနည်းပညာမှာ ပြိုင်ဘက်တွေနောက် နှေးကွေးစွာ လိုက်ပါနေတာအပေါ် သံသယတွေ ဖြစ်ပေါ်စေပါတယ်။
လွန်ခဲ့တဲ့နှစ်တော်တော်ကြာကြာက ဘက်ထရီထုတ်လုပ်မှု ချို့ယွင်းချက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးကနေ ပြန်လည်သိမ်းဆည်းခဲ့ရတဲ့ Galaxy Note 7 ဖြစ်ရပ်ဆိုးကြီးကို လူတွေက ဒီနေ့အထိ အမှတ်ရနေကြတုန်းပါပဲ။ အခုလို နောက်ဆုံးပေါ်မော်ဒယ်တွေမှာ ပေါက်ကွဲမှု၊ ဘက်ထရီဖောင်းပွမှုတွေ ဆက်တိုက်လိုလို ဖြစ်ပေါ်နေတာက Samsung ရဲ့ အရည်အသွေးနဲ့ လုံခြုံရေး စံနှုန်းတွေအပေါ် စိုးရိမ်မှုကို မြင့်တက်စေပါတယ်။
ကုမ္ပဏီဘက်က ဘေးကင်းရေးကို ဦးစားပေးတယ်လို့ ဆိုပေမဲ့၊ လက်တွေ့မှာ အဆင့်မြင့်ဖုန်းတွေမှာတောင် ဒီလိုအားနည်းချက်တွေ ရှိနေတာက သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက မှတ်ချက်ပေးကြပါတယ်။ လက်ရှိ S25 Plus ဖြစ်ရပ်နဲ့ ပတ်သက်ပြီး Samsung ဘက်က တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးပါဘူး။
Ref : Gizmochina