ကမ္ဘာ့ AI နည်းပညာနယ်ပယ်မှာ ထိပ်တန်းနေရာကို ရယူဖို့ မျှော်မှန်းနေတဲ့ တရုတ်နိုင်ငံဟာ ပညာရေးစနစ်မှာ အကြီးစားပြောင်းလဲမှုတစ်ခုကို ပြုလုပ်လိုက်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကစပြီး တစ်နိုင်ငံလုံးက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေမှာ AI (Artificial Intelligence) ဘာသာရပ်ကို မသင်မနေရအဖြစ် ထည့်သွင်းသင်ကြားသွားတော့မှာ ဖြစ်ပါတယ်။

China makes AI education mandatory in schools starting september 1, 2025 -  Asaase Radio

တရုတ်ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ ကျောင်းသားတစ်ဦးချင်းစီဟာ ပညာသင်နှစ်တစ်နှစ်အတွင်းမှာ AI ဆိုင်ရာ သင်ခန်းစာတွေကို အနည်းဆုံး ၈ နာရီကြာ သင်ယူရမှာ ဖြစ်ပါတယ်။ ကျောင်းတွေအနေနဲ့ ဒီသင်ရိုးကို သီးခြားဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်သင်ကြားနိုင်သလို၊ လက်ရှိသင်ကြားနေတဲ့ သိပ္ပံ၊ နည်းပညာနဲ့ သင်္ချာဘာသာရပ်တွေထဲမှာလည်း ပေါင်းစပ်ထည့်သွင်း သင်ကြားနိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

China makes AI education mandatory in schools

သင်ကြားမယ့် သင်ရိုးတွေထဲမှာတော့ AI ရဲ့ အခြေခံသဘောတရားတွေ၊ စက်က သင်ယူတတ်မြောက်ခြင်း (Machine Learning) ရဲ့ အလုပ်လုပ်ပုံ၊ Coding အခြေခံနဲ့ စက်ရုပ်နည်းပညာတွေအပြင် AI ကို ကျင့်ဝတ်နဲ့အညီ ဘယ်လိုအသုံးချမလဲဆိုတဲ့ အကြောင်းအရာတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကြောင့် အသက် ၆ နှစ်အရွယ် ကလေးတွေကအစ နည်းပညာရဲ့ အခြေခံအုတ်မြစ်ကို စတင်ထိတွေ့ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီခြေလှမ်းဟာ တရုတ်နိုင်ငံရဲ့ နည်းပညာဆိုင်ရာ ရည်မှန်းချက်ကြီးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေကို အနာဂတ်ရဲ့ အဓိကမောင်းနှင်အားဖြစ်လာမယ့် AI နည်းပညာနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်စေပြီး ကမ္ဘာ့ထိပ်တန်း AI ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ရေးအတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အဖြစ် ကျွမ်းကျင်သူတွေက ရှုမြင်ကြပါတယ်။

Ref : Tech Explorers