အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သမ္မတဟောင်း အိုဘားမားကို FBI က ဖမ်းဆီးတဲ့ AI ဗီဒီယိုအတုကို တနင်္လာနေ့မှာ တင်ခဲ့ပါတယ်။
ဒီဗီဒီယိုကို ဒေါ်နယ်ထရန့်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ တင်ခဲ့တာဖြစ်ပြီး၊ အိမ်ဖြူတော်ထဲမှာ သမ္မတဟောင်း ဘားရက်အိုဘားမားကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ဖမ်းဆီးနေတဲ့ပုံစံမျိုး ဖန်တီးထားပါတယ်။
ဗီဒီယိုရဲ့အစမှာ အိုဘားမားက “အထူးသဖြင့် သမ္မတဟာ ဥပဒေရဲ့အထက်မှာ ရှိတယ်” လို့ ပြောနေတဲ့ပုံစံနဲ့ စတင်ထားပါတယ်။
အဲဒီနောက်မှာတော့၊ သမ္မတဟောင်း ဂျိုးဘိုင်ဒင် အပါအဝင် အမေရိကန် နိုင်ငံရေးသမား အတော်များများက “ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိဘူး” လို့ ပြောနေတဲ့ပုံစံနဲ့ ဗီဒီယိုအတုထဲမှာ ပါဝင်လာပါတယ်။ ပြီးတော့ ဗီဒီယိုဟာ ဘဲဥပုံရုံးခန်းထဲက ထရန့်နဲ့ အိုဘားမားကို ပြောင်းပြပြီး၊ မကြာခင်မှာပဲ အိုဘားမားကို FBI က ဖမ်းဆီးလိုက်ပါတယ်။ ဗီဒီယိုရဲ့အဆုံးမှာတော့ ဘားရက်အိုဘားမားဟာ လိမ္မော်ရောင်အကျဉ်းသားဝတ်စုံနဲ့ ထောင်အခန်းထဲမှာ ရောက်ရှိနေတဲ့ပုံနဲ့ အဆုံးသတ်ထားပါတယ်။
ဒီလိုဖြစ်ပေါ်လာတာဟာ၊ ၂၀၁၆ ခုနှစ် ထရန့်ရဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရမှုမှာ ရုရှားရဲ့သြဇာလွှမ်းမိုးမှု ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အိုဘားမားအစိုးရကို တရားစွဲဆိုသင့်တယ်လို့ အမေရိကန်အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ တူလ်စီ ဂက်ဘတ်က ပြောကြားပြီး ရက်ပိုင်းအကြာမှာပဲ ဖြစ်ပါတယ်။
ရုရှားက ထရန့်ကို အနိုင်ရစေချင်ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်ရဲ့ နောက်ကွယ်မှာ သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးအစိုးရအဖွဲ့ဟာ “ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အတုလုပ်ပြီး ကိုင်တွယ်ခြယ်လှယ်ခဲ့တယ်” ဆိုတာကို သေသေချာချာ တည်းဖြတ်ထားတဲ့ အီးမေးလ် စာမျက်နှာ ၁၁၄ မျက်နှာက ဖော်ထုတ်ပြသခဲ့တယ်လို့ ဂက်ဘတ်က အခိုင်အမာ ပြောခဲ့ပါတယ်။
“သူတို့ရဲ့ ရည်ရွယ်ချက်က သမ္မတထရန့်ကို နေရာဖယ်ရှားပြီး အမေရိကန်ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုဖို့ပါပဲ” လို့ ဂက်ဘတ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ “ဘယ်လောက်ပဲ တန်ခိုးထွားထွား၊ ဒီပူးပေါင်းကြံစည်မှုမှာ ပါဝင်တဲ့လူတိုင်းကို ဥပဒေ အတိုင်း စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရပါမယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ တည်တံ့ခိုင်မြဲမှုဟာ ဒါ့အပေါ်မှာ မူတည်နေပါတယ်။ စာရွက်စာတမ်းအားလုံးကို တရားရေးဌာန (DOJ) ဆီကို ကျွန်တော်တို့ လွှဲပြောင်းနေပါတယ်” လို့ ဆိုပါတယ်။
ဂက်ဘတ်ရဲ့ လုပ်ဆောင်မှုကို ထရန့်က ကြိုဆိုခဲ့ပြီး “တူလ်စီ ဂက်ဘတ်အတွက် ဂုဏ်ယူပါတယ်။ ဆက်လုပ်ပါ!!!” လို့ ရေးသားခဲ့ပါတယ်။
ဒေါ်နယ်ထရန့်ရဲ့ ဗီဒီယိုကြောင့် လူမှုကွန်ရက်တွေပေါ်မှာ တုံ့ပြန်မှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပြီး၊ သုံးစွဲသူအများအပြားက လာမယ့်ရက်ပိုင်းတွေမှာ အိုဘားမား အဖမ်းခံရနိုင်မလားဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။”Arrest Obama ဆိုတဲ့စာသား Trend ဖြစ်နေတာလား? ခင်ဗျားတို့က အိုဘားမား တကယ် အဖမ်းခံရမယ်လို့ ထင်နေကြတာလား?” လို့ တစ်ယောက်က X မှာ မေးခဲ့ပါတယ်။ နောက်သုံးစွဲသူတစ်ယောက်ကတော့ “ဒါက တကယ့်လက်တွေ့ဘဝလား? အိုဘားမား အဖမ်းခံရနိုင်ခြေ ရှိလို့လား?” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Ref: Hindustantimes