တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ်တို့ဟာ “ဒစ်ဂျစ်တယ် စစ်ဦးစီးချုပ်” လို့ အမည်ပေးထားတဲ့ စစ်ဖက်သုံး AI စနစ်သစ်တစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီ AI ကို ကုန်း ၊ ရေ နှစ်သွယ် စစ်ဆင်ရေးတွေမှာ စမ်းသပ်ကြည့်တဲ့အခါ ဝါရင့်စစ်ဗိုလ်ချုပ်တွေထက် ဆုံးဖြတ်ချက်ချမှတ်တာ ၄၃ ရာခိုင်နှုန်း ပိုမြန်နေတာကို တွေ့ရပါတယ်။ အမိုက်ဆုံးကတော့ ဆက်သွယ်ရေးစနစ်တွေ အလုံးစုံအနှောင့်အယှက်ပေးခံထားရတဲ့ အခြေအနေမှာတောင် ၉၀ ရာခိုင်နှုန်းကျော် တိကျအောင် စွမ်းဆောင်နိုင်တာပဲ ဖြစ်ပါတယ်။

China's military AI beats human commanders with 43% faster decisions

ဒီစနစ်ရဲ့ ထူးခြားချက်ကတော့ ရှုပ်ထွေးလှတဲ့ စစ်မြေပြင်ဒေတာတွေကို LLM နည်းပညာနဲ့ ပေါင်းစပ်ပြီး မျက်စိတစ်မှိတ်အတွင်း တွက်ချက်ပေးနိုင်တာပါ။ သူဟာ ရန်သူ့ဆီက အဓိကခြိမ်းခြောက်မှုတွေကို ချက်ချင်းဖော်ထုတ်ပေးရုံတင်မကဘဲ စစ်ဦးစီးချုပ်တွေ သတိမထားမိတဲ့ လစ်ဟာချက်တွေကိုပါ ထောက်ပြပေးနိုင်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကို ဟန်ချက်ညီအောင် ထိန်းကျောင်းပေးပြီး ဆုံးဖြတ်ချက်ချမှတ်တဲ့ဖြစ်စဉ် (OODA loop) ကို အရှိန်အဟုန်မြှင့်ပေးပါတယ်။

China's military AI beats human commanders with 43% faster decisions

ဒါ့အပြင် ဒီ AI ဟာ လူသားစစ်ဗိုလ်ချုပ်တွေထက် ပိုမိုပါးနပ်တဲ့ အမြင်ရှိနေပြီး ပုန်းအောင်းနေတဲ့ ရန်သူ့အန္တရာယ်တွေကို ကြိုတင်သတိပေးတာမျိုးနဲ့ ကင်းထောက်တပ်ဖွဲ့တွေ ဘယ်အချိန်မှာ စေလွှတ်သင့်လဲဆိုတာကိုပါ အကြံပြုပေးပါတယ်။ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားလို့ ဗဟိုက အမိန့်မပေးနိုင်တဲ့ အခြေအနေမျိုးမှာတောင် ဒီ AI က စစ်မြေပြင်ကို စိတ်ကြိုက်ပုံဖော် ချယ်လှယ်နိုင်စွမ်း ရှိနေပါတယ်။

ဒါပေမဲ့ ဒီ AI ဟာ အရာရာတိုင်းမှာတော့ မပြည့်စုံသေးပါဘူး။ ကမ်းရိုးတန်းစစ်ဆင်ရေးတွေမှာ ထူးချွန်ပေမဲ့ ဒေတာအချက်အလက် နည်းပါးတဲ့ မြို့ပြတိုက်ပွဲတွေနဲ့ တောင်ပေါ်စစ်ဆင်ရေးတွေမှာတော့ အခက်တွေ့နေဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ စစ်ရေးဆုံးဖြတ်ချက်တွေမှာ AI ကို အပြိုင်အဆိုင် ထည့်သွင်းလာကြတာကြောင့် မကြာခင်မှာ ဒီလို “ဒစ်ဂျစ်တယ်စစ်သူကြီး” တွေက စစ်ပွဲတွေရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးသွားတော့မှာပါ။

Ref : Technology Innovation