Apple ရဲ့ နည်းပညာလောကကို လှုပ်ခတ်စေမယ့် “Surprise and Shine” ပွဲကြီးမှာ လူတိုင်းစောင့်မျှော်နေကြတဲ့ iPhone 18 Pro နဲ့ Pro Max စမတ်ဖုန်းအသစ်တွေကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ စတင်ရောင်းချမယ့် စျေးနှုန်းတွေအနေနဲ့ 256GB ပါဝင်တဲ့ iPhone 18 Pro ကို ဒေါ်လာ ၁,၁၉၉၊ Pro Max ကို ဒေါ်လာ ၁,၂၉၉ သတ်မှတ်ထားပြီး လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။
Pro မှာ ၆.၃ လက်မနဲ့ Pro Max မှာ ၆.၉ လက်မ LTPO Super Retina OLED Display ကို သုံးထားပါတယ်။ Dynamic Island ကိုလည်း ပိုသေးသွားအောင် ပြင်ဆင်ထားတဲ့အတွက် တစ်ပြိုင်နက်တည်းမှာ လုပ်ဆောင်ချက် ၃ ခုအထိ ရှင်းရှင်းလင်းလင်း ပြသပေးနိုင်တော့မှာပါ။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ Burgundy အရောင်သစ် ပါဝင်လာပါတယ်။
ဒီနှစ်မှာ အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကင်မရာပိုင်း အဆင့်မြှင့်တင်မှုတွေပဲ ဖြစ်ပါတယ်။ 48-megapixel ပင်မကင်မရာမှာ လူ့ဆံပင်ထက်တောင် ပါးလွှာတဲ့ အလွှာ ၆ ခုနဲ့ ဖွဲ့စည်းထားတဲ့ variable aperture ကို အသုံးပြုထားပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အလင်းရောင်ပိုမိုရရှိစေဖို့ အလိုအလျောက် ပွင့်လာနိုင်သလို၊ အလင်းရောင်ကောင်းမွန်တဲ့ အချိန်တွေမှာလည်း ပုံရိပ်တွေကို ပိုမိုသက်ဝင်လှပစေဖို့ အလိုအလျောက် ပြန်လည်ကျဉ်းပေးနိုင်တဲ့ အစွမ်းထက် ကင်မရာနည်းပညာကို မြင်တွေ့ရမှာပါ။
စွမ်းဆောင်ရည်ပိုင်းမှာလည်း အသစ်စက်စက် A20 Pro chip ကြောင့် ယခင်မော်ဒယ်တွေထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပါတယ်။ အထူးသဖြင့် AI နည်းပညာတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ ရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး ဂိမ်းအကြီးစားတွေ ကစားတဲ့အခါမျိုးမှာတောင် ဖုန်းအပူလွန်ကဲမှု မရှိစေဖို့အတွက် ကြီးမားကျယ်ပြန့်တဲ့ အအေးပေးစနစ်ကိုလည်း အထူးတလည် ထည့်သွင်းပေးထားပါတယ်။
ဆော့ဖ်ဝဲလ်ပိုင်းမှာ ကင်မရာ setting တွေကို စိတ်ကြိုက် ချိန်ညှိနိုင်မယ့် Pro controls အသစ်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် Apple Intelligence နဲ့ Siri ရဲ့ စွမ်းဆောင်ရည်တွေကို သိသိသာသာ မြှင့်တင်ထားလို့ ကင်မရာကနေ မြင်ရတဲ့အရာတွေကို တိုက်ရိုက်မေးမြန်းနိုင်တဲ့ Visual Intelligence နည်းပညာကိုပါ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲက မလိုချင်တဲ့ အရာတွေကို ဖျက်ထုတ်တာ၊ မြင်ကွင်းချဲ့တာတွေကိုလည်း အရင်ကထက် အများကြီး ပိုမိုတိကျသေသပ်စွာ လုပ်ဆောင်နိုင်တော့မှာပါ။
ဘက်ထရီသက်တမ်းမှာလည်း သိသိသာသာ တိုးတက်လာပြီး Pro Max မော်ဒယ်ဆိုရင် ဗီဒီယိုတွေကို ၄၅ နာရီဆက်တိုက် ကြည့်ရှုနိုင်မယ်လို့ Apple က ရဲရဲဝံ့ဝံ့ အာမခံထားပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ AI နဲ့ ဖန်တီးထားတာမဟုတ်တဲ့ သဘာဝဓာတ်ပုံအစစ်အမှန်တွေကို ခွဲခြားသိရှိနိုင်ဖို့ Google ရဲ့ SynthID စံနှုန်းအပြင် Apple ရဲ့ ကိုယ်ပိုင် စံနှုန်းအသစ်တွေကိုပါ ပထမဆုံးအနေနဲ့ ထည့်သွင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။
Ref : cnet



