ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်ကတော့ ဉာဏ်ရည်တု (AI) နည်းပညာကို စနစ်တကျ မထိန်းချုပ်ဘူးဆိုရင် ဒီနည်းပညာဟာ လူချမ်းသာတွေအတွက် သီးသန့်ဖြစ်သွားပြီး ကမ္ဘာပေါ်က မညီမျှမှုတွေကို ပိုဆိုးသွားစေလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သူ့ရဲ့ Gates ဖောင်ဒေးရှင်းကနေ AI နည်းပညာကို လူတိုင်းလက်လှမ်းမီ သုံးစွဲနိုင်ဖို့ ဒေါ်လာ ၁ ဘီလီယံ အထိ မတည်လှူဒါန်းသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။

Philanthropy Gates

အဲဒီ လှူဒါန်းမယ့် ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံထဲက ၄၀ ရာခိုင်နှုန်းကို ပညာရေးကဏ္ဍမှာ သုံးစွဲမှာဖြစ်ပြီး နောက်ထပ် ၄၀ ရာခိုင်နှုန်းကိုတော့ ကျန်းမာရေးကဏ္ဍမှာ အသုံးပြုသွားမှာပါ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ လယ်သမားတွေအတွက် စိုက်ပျိုးရေးကဏ္ဍနဲ့ လူတိုင်းတန်းတူ သုံးနိုင်တဲ့ AI အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့နေရာမှာ တစ်ဝက်စီ ခွဲဝေသုံးစွဲသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် AI ကို မိခင်ဘာသာစကားမျိုးစုံနဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင်ဖို့နဲ့ ဒေသခံတွေ ကိုယ်တိုင် သူတို့ရဲ့ အချက်အလက်တွေကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲခွင့်ပေးဖို့ကိုလည်း ဖောင်ဒေးရှင်းက တိုက်တွန်းထားပါတယ်။

Bill Gates - Wikipedia

ငွေကြေးထောက်ပံ့မှုတွေ လုပ်နေပေမယ့်လည်း AI နည်းပညာရဲ့ နောက်ကွယ်က အန္တရာယ်တွေကိုတော့ ဘီလ်ဂိတ်က လျစ်လျူမရှုထားပါဘူး။ AI ကြောင့် အခြေခံနဲ့ အလယ်အလတ်အဆင့် အလုပ်အကိုင် တော်တော်များများ ပျောက်ကွယ်သွားနိုင်တဲ့အပြင် ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းအမှား ဖြန့်ဝေမှုတွေနဲ့ လိမ်လည်မှုတွေမှာ အလွဲသုံးစားလုပ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း သူက ထောက်ပြထားပါတယ်။ အဆိုးဆုံးအနေနဲ့ လူသားတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ AI တွေ လွတ်ကင်းသွားနိုင်တဲ့ အခြေအနေမျိုးကိုပါ အထူးသတိထား စောင့်ကြည့်သွားဖို့ လိုအပ်နေပြီလို့ သူက သတိပေးထားပါတယ်။

Ref : Forbes