ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာကြီး အီလွန်မတ်စ် (Elon Musk) တစ်ယောက် လက်ရှိမှာ နေထိုင်နေတဲ့ နေရာကတော့ အံ့သြစရာကောင်းလောက်အောင် သာမန်နောက်တွဲယာဉ် (trailer) လေးတစ်ခုပဲ ဖြစ်ပါတယ်။ တန်နက်ဆီပြည်နယ်၊ မန်းဖစ် (Memphis) မြို့မှာရှိတဲ့ xAI ရဲ့ Macrohard ဒေတာစင်တာ တည်ဆောက်ရေးကို မျက်ခြေမပြတ် ကြီးကြပ်နိုင်ဖို့အတွက် ဆာဗာတွေနဲ့ ခြေတစ်လှမ်းစာအကွာမှာပဲ အိပ်စက်နေတာဖြစ်တယ်လို့ All-In Summit ပွဲမှာ သူကိုယ်တိုင် ဖွင့်ဟပြောကြားခဲ့ပါတယ်။
အဲဒီ Airstream နောက်တွဲယာဉ်လေးကို သူ့ရဲ့ နန်းတော်ပါလို့ သူက နောက်ပြောင်ပြောဆိုခဲ့ပါသေးတယ်။ SpaceX ရဲ့ ဥက္ကဋ္ဌ Gwynne Shotwell ကလည်း မတ်စ်ဟာ စက်ရုံကြမ်းပြင်မှာ အိပ်စက်လေ့ရှိပြီး အဆောက်အအုံတွေ တည်ဆောက်ရာမှာ ကိုယ်တိုင်ဝင်ရောက် ကူညီပေးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒေါ်လာဘီလီယံချီ ချမ်းသာပေမယ့် သူ့အတွက်တော့ ဒါဟာ ဆန်းကြယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အရင်ကလည်း တွစ်တာ (Twitter) ရုံးချုပ်မှာ အိပ်စက်ခဲ့ဖူးသလို တက္ကဆက်ပြည်နယ်က တန်ဖိုးနည်း အိမ်ငှားမှာလည်း နေထိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
အခုလို အချိန်ပြည့် အလုပ်လုပ်ပြီး အိပ်ချိန်နည်းနည်းနဲ့ ပင်ပင်ပန်းပန်း နေထိုင်နေတာဟာ ဧရာမ AI အခြေခံအဆောက်အအုံတွေကို အမြန်ဆုံး တိုးချဲ့နိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာ နောက်တစ်ချက်က အဲဒီပွဲမှာပဲ လတ်တလော ထွက်ပေါ်နေတဲ့ Tesla နဲ့ SpaceX ကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့တာမျိုးမရှိဘဲ ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိနေတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။
Ref : Businessinsider