ကမ္ဘာတဝှမ်းက အစိုးရတွေရဲ့ ထောက်လှမ်းရေး စစ်ဆင်ရေးတွေမှာ ဉာဏ်ရည်တု (AI) နည်းပညာကို လက်နက်သဖွယ် အသုံးပြုလာကြတာကို တွေ့ရှိခဲ့ရတဲ့အတွက် အရေးယူ ပိတ်ပင်လိုက်ပြီလို့ Anthropic  ကုမ္ပဏီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း တွေ့ရှိခဲ့ရတဲ့ အဲဒီဖြစ်စဉ်တွေမှာ တရုတ်၊ အီရန်နဲ့ အနောက်အာဖရိက နိုင်ငံတွေက အာဏာပိုင်တွေဟာ လူနည်းစု တိုင်းရင်းသားတွေနဲ့ အစိုးရကို ဆန့်ကျင်သူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ AI ကို ပိုမို အသုံးပြုလာကြတယ်လို့ သတိပေးထားပါတယ်။

China, Iran among countries that have used AI to aid spying, Anthropic says - The Hindu

ဒီလို ထောက်လှမ်းရာမှာ ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ တိဘက်နဲ့ ဖာလုံဂေါင် အဖွဲ့ဝင်တွေ အပြင် အီရန် လူနည်းစုတွေကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အီရန် အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့တွေဟာ လူမှုကွန်ရက်တွေကနေတဆင့် လူတွေကို ခွဲခြားသိမြင်နိုင်မယ့် နည်းလမ်းတွေကို တီထွင်ခဲ့ကြသလို၊ မာလီနိုင်ငံက လုံခြုံရေး အာဏာပိုင်တွေကလည်း သူတို့ရဲ့ ထောက်လှမ်းရေး ဆော့ဖ်ဝဲလ် ရေးဆွဲဖို့ Claude  ကို အသုံးပြုခဲ့ကြပါတယ်။

အင်ဂျင်နီယာတွေ နေရာမှာ AI ကို အစားထိုး အသုံးပြုလာကြတဲ့ အဲဒီလုပ်ရပ်တွေ အပြင် ဇီဝလက်နက် ဖန်တီးဖို့ ကြိုးစားမှုတွေနဲ့ အွန်လိုင်း လိမ်လည်မှုတွေကိုပါ Anthropic က အချိန်မီ ဟန့်တားနိုင်ခဲ့ပါတယ်။

Arab News | China, Iran among countries that have used AI to aid spying, Anthropic says

ဒါ့အပြင် တရုတ် AI ကုမ္ပဏီတွေ ဖြစ်တဲ့ Moonshot နဲ့ Deepseek တို့ဟာ သူတို့ရဲ့ ကိုယ်ပိုင် မော်ဒယ်တွေကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်ဖို့အတွက် Claude ဆီကနေ အချက်အလက်တွေကို လျှို့ဝှက် ခိုးယူခဲ့ကြတယ်လို့လည်း Anthropic က စွပ်စွဲထားပါတယ်။

Moonshot ဟာ ဆယ်ရက်အတွင်း အကောင့်တု ၅,၃၈၀ ကျော်ကို အသုံးပြုပြီး သုံးစွဲသူ တောင်းဆိုမှုပေါင်း ၃၀၀,၀၀၀ နီးပါးကို Anthropic ဆီ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် ကုမ္ပဏီတွေဆီကနေ နည်းပညာတွေကို ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲနေတဲ့ အဲဒီလုပ်ရပ်တွေဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကိုပါ ထိခိုက်စေနိုင်တယ်လို့ အစီရင်ခံစာမှာ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

Ref: Bangkokpost