Apple က စက်တင်ဘာလထဲမှာ အသစ်စက်စက် မိတ်ဆက်ထားတဲ့ iPhone 18 Pro နဲ့ iPhone 18 Pro Max ဖုန်းအချို့မှာ စပီကာကနေ မူမမှန်တဲ့ အသံဆန်းတွေ ထွက်ပေါ်နေကြောင်း သုံးစွဲသူတွေက ငြီးတွားပြောဆိုနေကြပါတယ်။ Face ID အလုပ်မလုပ်ဘဲ ဖုန်းပြန်ပွင့်သွားတဲ့ ဘဂ် (bug) ပြဿနာကို ဖြေရှင်းဖို့ iOS 27.0.1 Update ထုတ်ပေးခဲ့ပေမဲ့လည်း အဲဒီ စပီကာပြဿနာကတော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ကြုံတွေ့နေရသူတွေရဲ့ ပြောကြားချက်အရ ဖုန်းရဲ့ အပေါ်ဘက် နားထောင်တဲ့ စပီကာကနေ တစီစီအသံ၊ တုတ်တုတ်အသံ သို့မဟုတ် စက်သံမမှန်တဲ့ တောက်တောက်အသံတွေ ထွက်ပေါ်နေခြင်း ဖြစ်ပါတယ်။ အချို့သူတွေမှာ အသံဆန်း ပုံမှန်ထွက်ပေါ်နေပြီး အချို့မှာတော့ အက်ပလီကေးရှင်းတွေ သုံးစွဲချိန်၊ ဝဘ်ဆိုက်တွေ ကြည့်ရှုချိန်၊ ဖုန်းပြောချိန် သို့မဟုတ် စခရင်အလင်းအမှောင် မြန်မြန်ချိန်ညှိချိန်တို့မှာ အသံထွက်ပေါ်လာတာကို သတိပြုမိကြတာပါ။

ဒီပြဿနာကြောင့် စိတ်ပျက်ပြီး ဖုန်းအသစ်ပြန်လဲယူခဲ့သူတွေပင်လျှင် ရရှိလာတဲ့ ဖုန်းအသစ်မှာပါ အလားတူ ပြဿနာမျိုး ထပ်မံကြုံတွေ့နေရပါတယ်။ ယခုဖြစ်စဉ်ဟာ ဆော့ဖ်ဝဲလ်ကြောင့်လား သို့မဟုတ် ဟာ့ဒ်ဝဲလ် ပျက်စီးမှုကြောင့်လားဆိုတာကို တိတိကျကျ မသိရသေးဘဲ Apple ဘက်ကလည်း တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ရှင်းလင်းထားခြင်း မရှိသေးပါဘူး။
Ref : gsmarena