Oppo ကုမ္ပဏီဟာ တရုတ်နိုင်ငံအတွင်းက သုံးစွဲသူတွေအတွက် ဂိမ်းစွဲလမ်းမှုတိုက်ဖျက်ရေးစနစ် အသစ်ကို မိတ်ဆက်လာခဲ့ပါတယ်။ ဒီစနစ်ဟာ အသက်မပြည့်သေးတဲ့သူတွေနဲ့ Register မလုပ်ထားတဲ့ သုံးစွဲသူတွေရဲ့ ဂိမ်းတစ်ခုအတွင်း ငွေကြေးသုံးစွဲမှုကို ကန့်သတ်ထိန်းချုပ်ပေးမှာပါ။ ဒါဟာ တရုတ်နိုင်ငံအတွင်းက စမတ်ဖုန်းဂိမ်းစွဲလမ်းမှုကို တိုက်ဖျက်ဖို့ အစိုးရရဲ့ လုပ်ရပ်အား စမတ်ဖုန်းထုတ်လုပ်သူတွေက ကူညီပေးခြင်းရဲ့ ပထမခြေလှမ်းတစ်ခုဖြစ်ပါတယ်။
တရားဝင်ထုတ်ပြန်ချက်အရ ဒီစနစ်သစ်ပါလာတဲ့ Oppo စမတ်ဖုန်းတွေမှာ သုံးစွဲသူဟာ အမည်ရင်း အစရှိတဲ့ အချက်အလက်တွေကို အစစ်အမှန်ထည့်သွင်းပေးရမှာပါ။ ထည့်သွင်းထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး အသက် ၈ နှစ်အောက် သုံးစွဲသူတွေက ဂိမ်းထဲမှာ တစ်ခါကို ယွမ် ၅၀ (မြန်မာငွေတစ်သောင်းခန့်) သာ သုံးစွဲဝယ်ယူနိုင်မှာဖြစ်ပြီး တစ်လလုံးမှ ယွမ် ၂၀၀ (မြန်မာငွေ လေးသောင်းခန့်) သာ သုံးစွဲနိုင်စေမှာဖြစ်ပါတယ်။
အသက် ၁၆ နှစ်ကနေ ၁၈ နှစ်အတွင်းဆိုရင် တစ်ခါကို ယွမ် ၁၀၀ (မြန်မာငွေ နှစ်သောင်းခန့်) သာ အသုံးပြုနိုင်မှာ ဖြစ်ပြီး တစ်လလုံးကို ဂိမ်းထဲက Item တွေဝယ်ဖို့အတွက် ယွမ် ၄၀၀ (မြန်မာငွေ ရှစ်သောင်းခန့်) သာ အသုံးပြုနိုင်မှာပါ။
Oppo ဟာလည်း အခြားထုတ်လုပ်သူတွေလို ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆိုးကျိုးတွေကို ခံစားနေရတာဖြစ်ပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီဟာ အခုနည်းစနစ်ကို အလျှင်အမြန်ထုတ်လွှင့်သွားဖို့ ကြိုးစားနေပါတယ်။ စမတ်ဖုန်းတွေ တွင်ကျယ်လာတာနဲ့အမျှ အသက်မပြည့်သေးသူတွေရဲ့ ဂိမ်းစွဲလမ်းမှုကလည်း အာရှနိုင်ငံတွေမှာ ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာပါတယ်။ တရုတ်နိုင်ငံဟာ ဒါကို ဦးဆောင်ပြီး တိုက်ဖျက်ဖို့ ကြိုးစားနေတာ နှစ်အနည်းငယ်ရှိနေပါပြီ။
တရုတ်အစိုးရဟာ လက်ရှိပြည်တွင်းက ဂိမ်းတွေကို တင်းကျပ်စွာ ကြီးကြပ်စောင့်ကြည့်နေပြီး ဂိမ်းအသစ်တွေ ထုတ်လွှင့်ဖို့ ခက်ခဲစေသလို ရှိပြီးသား ဂိမ်းတွေကို နာမည်ကြီး စီးရီးတွေပါမကျန် တင်းကျပ်တဲ့ ဥပဒေတွေ ကန့်သတ်အရေးယူနေတာဖြစ်ပါတယ်။
Ref – Gizmo China