Google Maps ဟာ လူနောက် ၁ ယောက်ရဲ့ အရူးလုပ်တာကို ခံလိုက်ရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ Simon Weckert ဆိုသူ အနုပညာရှင် ၁ ယောက်က ဘာလင်ရဲ့ လမ်းတွေမှာ ကားလမ်းပိတ်နေတယ်လို့ ထင်အောင် Google Maps ကို လှည့်စားနိုင်ခဲ့တဲ့ အကြောင်း YouTube မှာ ဗီဒီယို ၁ ခု တင်ထားပါတယ်။ သူက Google Maps ထည့်ထားတဲ့ ဖုန်း ၉၉ လုံးကို ဘီးပါတဲ့ ခြင်းထဲထည့်ပြီး ဘာလင်ရဲ့ လမ်းတွေမှာ လျှောက်သွားနေခဲ့တာပါ။ Google ရဲ့ ရုံးခန်းနားတောင်သွားလိုက်ပါသေးတယ်။
Google Maps က အဲဒီ လမ်းတွေမှာ ကားလမ်းပိတ်နေတယ်လို့ ထင်ပြီး သတင်းအချက်အလက်အမှားတွေကို ပြသခဲ့ပါတယ်။ ကားတွေဟာ ဖြည်းဖြည်းသွားနေတယ်လို့ Google Maps က ထင်သွားခဲ့ပါတယ်။ အဲဒီ ဖုန်းတွေ သယ်သွားတဲ့ လမ်းတစ်လျှောက်မှာ ကားလမ်းပိတ်နေတဲ့ အမှတ်အသား ဖြစ်တဲ့ အနီရောင်ကို မြေပုံမှာ ပြသခဲ့ပါတယ်။
Google Maps ရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ Google Maps ဟာ ကားလမ်း ပိတ်ဆို့တဲ့ အခြေအနေကို တွက်ချက်ဖို့အတွက် ဖုန်းတွေရဲ့ တည်နေရာကို ခြေရာခံပါတယ်။ အဲဒီ ဒေတာတွေကို ကောက်ယူပြီး မြေပုံမှာ ကားလမ်းပိတ်ဆို့မှု အခြေအနေကို အချိန်နဲ့တစ်ပြေးညီ ပြသပေးပါတယ်။
Weckert ဟာ Google Maps သာမကဘဲ ဘာလင်က လူတွေကိုပါ အရူးလုပ်လိုက်တာပါ။ ဘာလင်က ကားမောင်းသူတွေဟာ Weckert သွားတဲ့ လမ်းတွေမှာ ကားလမ်းပိတ်နေတယ်ထင်ပြီး တခြား လမ်းတွေကနေ မောင်းနှင်သွားခဲ့ကြပါတယ်။ တကယ်တော့ အဲဒီ လမ်းတွေမှာ ကားတွေ အရမ်းရှင်းနေတာပါ။
ဒီဖြစ်ရပ်ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတုန်းက ဖြစ်ပွားခဲ့တာပါ။
Ref : androidauthority