လက်ရှိအချိန်မှာ TikTok ဟာ Social Media ပေါ်မှာ ရေပန်းအစားဆုံး Content Platform တစ်ခုဖြစ်လာပြီဖြစ်ပါတယ်။ TikTok ဟာ Video တွေကို ဦးစားပေးထားပေမယ့်လည်း အဆိုပါ Video အများစုမှာ သီချင်းတွေကို နောက်ခံအနေနဲ့ အသုံးပြုထားတာဖြစ်ပါတယ်။

ဒါကြောင့် အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ TikTok ကို ပိုင်ဆိုင်တဲ့ ByteDance ကုမ္ပဏီကနေ လာမယ့်အနာဂါတ်မှာ Music Streaming App သို့မဟုတ် Platform တစ်ခုကိုပါ အသစ်မိတ်ဆက်သွားနိုင်ခြေရှိနေပြီလို့ သိရပါတယ်။ ယခုသတင်းကိုတော့ နာမည်ကြီး သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Insider ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် ByteDance ကုမ္ပဏီကနေ ပြီးခဲ့တဲ့ မေလတုန်းက “TikTok Music” နာမည်နဲ့ US Patent and Trademark Office မှာ မူပိုင်ခွင့်ရယူခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မူပိုင်ခွင့်အရ TikTok Music Service ဟာ အသုံးပြုသူတွေကို သီချင်းတွေ ဝယ်ယူ၊ နားဆင်၊ မျှဝေပြီး Download ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ သီချင်းတွေကို အသုံးပြုပြီး Video တွေဖန်တီးတာ၊ Livestream ပြုလုပ်တာမျိုးကိုလည်း အသုံးပြုနိုင်ဦးမှာပါ။

ByteDance ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အလားတူ “TikTok Music” နာမည်နဲ့ မူပိုင်ခွင့်ကို Australia နိုင်ငံအတွင်းမှာ လျှောက်ထားခဲ့သေးတာဖြစ်ပါတယ်။ လောလောဆယ်မှာ TikTok ကနေ Resso နာမည်နဲ့ Music Streaming App ကို India ၊ Brazil နဲ့ Indonesia နိုင်ငံတွေအတွက် ထုတ်ပေးထားပြီး နောက်ပိုင်းမှာ TikTok Music နာမည်ပြောင်းလဲပြီး တကမ္ဘာလုံးအတွက် မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

TikTok ဟာ Social Media ပေါ်မှာ Short Video Platform တစ်ခုအနေနဲ့ တခြားသော Facebook ၊ Instagram ၊ YouTube လိုမျိုး Video Channel တွေကို ကျော်တက်ပြီး အောင်မြင်မှုရရှိခဲ့တာကြောင့် အခုမိတ်ဆက်လာနိုင်တဲ့ TikTok Music ဟာလည်း လက်ရှိအောင်မြင်နေတဲ့ Spotify နဲ့ Apple Music လိုမျိုး Service တွေကို ခြိမ်းခြောက်နိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – The Verge