Apple ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ကိုယ်ပိုင် Apple Silicon Chipset တစ်ခုဖြစ်တဲ့ Apple M1 Chip ကို အသုံးပြုထားတဲ့ MacBook Air ၊ MacBook Pro 13-inch နဲ့ Mac Mini တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Apple M1 Chip ဟာ လက်ရှိ iDevice တွေမှာအသုံးပြုနေတဲ့ A Series Chip တွေလိုမျိုးပဲ Arm-based အမျိုးအစားဖြစ်ပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ Adobe Lightroom နဲ့ Photoshop လိုမျိုး အသုံးပြုသူများပြားတဲ့ Professional Software တွေကို အဆိုပါ M1 Chip အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ အမြန်ဆုံးအသုံးပြုနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အခုလည်း အနည်းဆုံး Adobe Photoshop ကို အသုံးပြုနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုထွက်ရှိလာခဲ့ပါပြီ။

ဒါကတော့ Adobe ကနေ Arm-based ကွန်ပျူတာတွေအတွက် Photoshop Beta Version ကို တရားဝင်ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒါကလည်း Apple macOS အတွက်တင်မဟုတ်ဘဲ Windows OS အတွက်ပါ ထုတ်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Microsoft Surface Pro X လိုမျိုး Arm-based Qualcomm Processor ကို အသုံးပြုထားတဲ့ ကွန်ပျူတာတွေပါ စမ်းသပ်သုံးစွဲနိုင်မှာပါ။

တစ်ခုရှိတာကတော့ ယခုထုတ်ပေးလိုက်တာက Beta Version အဆင့်ပဲရှိသေးတဲ့အတွက် Stable Version Photoshop မှာ ပါဝင်တဲ့ Tools တွေနဲ့ Feature တွေတော့ အကုန်လုံးပါဝင်မှာမဟုတ်ပါဘူး။ ဥပမာ – Content -aware Fill ၊ Patch Tool ၊ Healing Brush လိုမျိုး Feature တွေကို အသုံးပြုနိုင်ဦးမှာမဟုတ်သေးပါဘူး။ Adobe ကိုယ်တိုင်ကလည်း ယခု Beta Version ကို နေ့စဥ် Professional ပုံစံအသုံးပြုဖို့အတွက် မသင့်လျော်သေးဘူးလို့ ပြောကြားထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့်နှစ်ကျမှ Stable Version ထွက်ရှိတော့မှပဲ ကောင်းကောင်း ပုံမှန်အတိုင်းအသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Arm-based ကွန်ပျူတာတွေ အများအပြားကို တွေ့ရဖို့ကတော့ နီးစပ်နေပြီလို့ ပြောရမှာဖြစ်ပါတယ်။

Ref – The Verge