Google ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Google I/O ကို လာမယ့် မေလ ၁၁ ရက်နေ့ နဲ့ ၁၂ ရက်နေ့တွေမှာ ပြုလုပ်သွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အဆိုပါ Google I/O မှာ Android 13 OS ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။
အခုလည်း Google ကနေ Android 13 အတွက် ဒုတိယမြောက် Developer Preview ကို ထုတ်ပေးလိုက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ Feature တစ်ခုပါဝင်လာပါတယ်။ ဒါကတော့ Application တွေကနေ Notification တွေဖော်ပြနိုင်ဖို့အတွက် Permission သီးသန့်ပေးဖို့ လိုအပ်လာတာပဲဖြစ်ပါတယ်။
အခုလိုမျိုး App တွေကနေ Notification တွေ ဖော်ပြနိုင်ဖို့အတွက် Permission လိုအပ်တာက Apple iOS မှာ ယခင်ထဲက ပါဝင်နေတဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး Android မှာပါ ပါဝင်လာတာက လုံခြုံရေးပိုင်းအတွက် ကြိုဆိုရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်။
Google ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး App တွေက Notification ကို ဖော်ပြဖို့အတွက် အသုံးပြုသူရဲ့ Permission လိုအပ်မှုဟာ Requirement တစ်ခုအနေနဲ့ဖြစ်လာမယ်လို့ သိရပါတယ်။ ဒါကြောင့် App တွေအကုန်လုံးက User ရဲ့ Permission ရရှိမှသာ Notification တွေကို ဖော်ပြနိုင်တော့မှာဖြစ်ပါတယ်။
နောက်ထပ် Android 13 ရဲ့ ဒုတိယမြောက် Developer Preview မှာပါဝင်လာတဲ့ Feature ကတော့ Bluetooth Low Energy (LE) Audio Support ပဲဖြစ်ပါတယ်။ ဒီလိုမျိုး Bluetooth LE Audio Support ပြုလုပ်လာတာကြောင့် Bluetooth Headphone တွေနဲ့ တွဲဖက်ပြီးအသုံးပြုတဲ့အချိန်မှာ Battery စားသုံးမှုပိုသက်သာလာစေမှာပါ။
လက်ရှိအချိန်မှာတော့ Android 13 ရဲ့ အဓိကပြောင်းလဲမှုတွေကိုတော့ အတိအကျမသိရသေးပေမယ့် Google I/O Event မှာတော့ အသေးစိတ်ဖော်ပြသွားမယ်လို့ ယူဆရပါတယ်။
Ref – The Verge