Apple ရဲ့ စက်တင်ဘာ Event နဲ့ ပတ်သက်ပြီး ကောလာဟလတွေ အကြိမ်ကြိမ်ထွက်ခဲ့ဖူးပါတယ်။ အထူးသဖြင့် စက်တင်ဘာ ပထမပတ်ထဲမှာ ထုတ်ကုန်သစ်တွေဖြစ်တဲ့ Apple Series Watch အသစ်နဲ့ iPad အသစ်ကို မိတ်ဆက်ဖွယ်ရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။

အခုတော့ Cupertino အခြေစိုက်ကုမ္ပဏီကြီးဟာ Event ပြုလုပ်မယ့်ရက်ကို ကြေညာလိုက်ပါပြီ။ Apple ဟာ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့မှာ Event ပြုလုပ်မယ်လို့ ကြေညာပြီး ဖိတ်စာဝေခဲ့တာပါ။ ဒါပေမယ့် ဒီ Event မှာ အတော်များများထင်ကြေးပေးနေကြတဲ့ iPhone 12 စီးရီးကို မိတ်ဆက်ဦးမှာတော့ မဟုတ်ပါဘူး။

Bloomberg ရဲ့ ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ Mark Gurman ကတော့ ဒီ Event မှာ iPhone အသစ်တွေကို ကြေညာမှာမဟုတ်ဘဲ Apple Watch အသစ်ကိုပဲ မိတ်ဆက်ကြေညာမှာဖြစ်တယ်လို့ ဆိုပါတယ်။ မီဒီယာတွေဆီပေးပို့ခဲ့တဲ့ ဖိတ်ကြားချက်မှာလည်း “Time Flies” ဆိုတဲ့ ဝေါဟာရကို ထည့်သွင်းဖော်ပြထားတာကြောင့် ဒါဟာ iPhone 12 စီးရီးကို ရည်ညွှန်းတာမဟုတ်ဘူးဆိုတာ သိသာစေပါတယ်။

Apple အနေနဲ့ Series 6 Watch နဲ့ Budget အမျိုးအစားလို့ နာမည်ထွက်နေတဲ့ Apple Watch SE တို့ကို ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဒီ နာရီနှစ်မျိုးစလုံးကို အတူတကွကြေညာမယ်ဆိုတဲ့ အတည်ပြုချက်တော့ မရှိသေးပါဘူး။ Series 6 Watch တွေကတော့ သွေးတွင်းအောက်စီဂျင်၊ အိပ်စက်မှု စောင့်ကြည့်တာတွေအပြင် ပိုပြီးမြန်ဆန်တဲ့ Processor နဲ့ ဖြစ်မယ်လို့ သတင်းကြီးနေပါတယ်။ Watch SE ကတော့ အခုထိရောင်းနေဆဲဖြစ်တဲ့ Series 3 နေရာမှာ အစားထိုးမယ်လို့ ဆိုနေကြတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina