Apple က iPad Series ထဲမှာ တန်ဖိုးအနည်းဆုံး iPad 8th Gen ကို ကြေညာလိုက်ပါတယ်။ တက်ဘလက်မှာ ၁၀.၂ လက်မ 2160x1620p Retina မျက်နှာပြင် ထည့်သွင်းထားပြီး မျက်နှာပြင် အထက်နဲ့ အောက်က ဘောင်တွေ ထူနေတာက သိပ်မလှပါဘူး။ အရင်မျိုးဆက်ထက် ပိုမြန်တဲ့ A12 Chipset ပါလာပြီး အဲဒီ Chipset ကို ၂၀၁၉ ထုတ် iPad Air နဲ့ iPad Mini မော်ဒယ်တွေမှာ သုံးခဲ့တာပါ။ A12 Chipset ရဲ့ Neural Engine ဟာ တန်ဖိုးနည်း iPad မှာ ပထမဆုံး ပါလာတာဖြစ်ပြီး Graphics စွမ်းရည် ၂ ဆ ပိုကောင်းလာတယ်လို့ Apple က ပြောပါတယ်။

Apple က iPad 8th Gen ဟာ Keyboard Case အပါအဝင် အရင်မျိုးဆက်တွေအတွက် ထုတ်ထားတဲ့ Case တွေ တပ်ဆင်လို့ရတယ်လို့ ပြောပါတယ်။ ပထမမျိုးဆက် Apple Pencil နဲ့လည်း တွဲသုံးလို့ရပါတယ်။ iPad အသစ်မှာ iPadOS 14 မောင်းနှင်ထားပြီး Apple Pencil နဲ့ လက်ရေးစာသားတွေကို Edit လုပ်နိုင်တဲ့ စာသားအဖြစ် ပြောင်းပေးတာ အပါအဝင် လုပ်ဆောင်ချက် အသစ်တွေ ပါလာမှာပါ။

Apple ဟာ iPad အသစ်မှာ USB-C Port မသုံးဘဲ Lightning Port ကိုပဲ သုံးထားတာက သိပ်မမိုက်ပါဘူး။ Apple Laptop , iPad Pro နဲ့ အသစ်စက်စက် ကြေညာလိုက်တဲ့ iPad Air မှာ USB-C ကို သုံးထားပါတယ်။ iPad အသစ်မှာ သမားရိုးကျ Touch ID Home Button ပဲ ပါလာပြီး Apple နောက်ပိုင်း ထုတ်ကုန်တွေထဲမှာတော့ ရှားသွားပါပြီ။

ဈေးနှုန်းအကြောင်းပြောရရင် ၄ သိန်းလောက်နဲ့ iPad ကိုင်နိုင်မှာပါ။ iPad 8th Gen အတွက် 32GB WiFi Only ကို ၃၂၉ ဒေါ်လာနဲ့ WiFi+Cellular ကို ၄၅၉ ဒေါ်လာ သတ်မှတ်ထားပြီး ၄ သိန်း ၃ သောင်းနဲ့ ၆ သိန်းလောက် အသီးသီး ကျသင့်မှာပါ။ 128GB အတွက် ၄၂၉ နဲ့ ၅၅၉ ဒေါ်လာ အသီးသီး ကျသင့်ပြီး ၅ သိန်း ၇ သောင်းနဲ့ ၇ သိန်း ၄ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။ Silver , Space Gray နဲ့ Gold အရောင်တွေ ထုတ်လုပ်ထားပြီး ၁၈ ရက်နေ့မှာ ရောင်းပေးမှာပါ။

ref : theverge