Apple CEO Tim Cook က ကုမ္ပဏီဟာ ကိုရိုနာဗိုင်းရက်စ်ကို တိုက်ဖျက်ဖို့ အမေရိကန်နဲ့ ဥရောပမှာ Masks သန်းနဲ့ချီလှူဒါန်းနေတယ်လို့ စနေနေ့က တွစ်တာမှာ ကြေညာခဲ့ပါတယ်။ ဒုတိယ သမ္မတ Mike Pence ကလည်း “ Apple ဟာ နိုင်ငံ အဝန်းမှာ Masks ၂ သန်း လှူဒါန်းနေတယ်လို့ သမ္မတနဲ့ ကျွန်တော့်ကို ပြောပါတယ်။ အစိုးရနဲ့ ပူးပေါင်းပြီး ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ “ လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ ၁ ခုမှာ ပြောခဲ့ပါတယ်။

Apple က Masks ၂ သန်းကို ဘယ်လို ဝယ်ယူထားသလဲဆိုတာ မပြောပါဘူး။ ကမ္ဘာအဝန်းမှာ Mask ဝယ်လိုအား အရမ်းများနေတဲ့အတွက် ပစ္စည်း ပြတ်လပ်မှုတွေ ရှိနေပါတယ်။ Amazon CEO Jeff Bezos က  “ Masks တွေ ပစ္စည်းပြတ်နေပါတယ်။ ရုံးတက်ပြီး အလုပ်လုပ်ရမယ့် ဝန်ထမ်းတွေအတွက် Masks သန်းဂဏန်းမှာထားပေမယ့် အပြည့်အဝ ရမှာမဟုတ်ပါဘူး။ “ လို့ ဝန်ထမ်းတွေကို စနေနေ့က ပြောကြားခဲ့ပါတယ်။

Pence က  ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဌာနက N95 Masks သန်းဂဏန်းမှာယူထားတယ်လို့ ပြောပေမယ့် ဘယ်က မှာထားလဲဆိုတာ မပြောပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေအတွက် Masks တွေ ပြတ်လပ်နေတာဟာ တကယ့် ပြဿနာ ဖြစ်လာပြီး ကိုရိုနာဗိုင်းရက်စ် လူနာတွေကို ကုသတဲ့အခါမှာ ကူးစက်မှုဖြစ်ပွားလာနိုင်ပါတယ်။ Pence က ဆေးရုံတွေထံ Masks တွေ လှူဒါန်းဖို့ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ၁ ပတ်က တောင်းဆိုခဲ့ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းသုံး Masks တွေဟာ အသက်ရှူလမ်းကြောင်း ရောဂါ မကူးစက်အောင် ကာကွယ်ပေးနိုင်တယ်လို့ Pence က အင်္ဂါနေ့က ပြောပါတယ်။

တချို့ ကုမ္ပဏီတွေဟာ အစိုးရကို တိုက်ရိုက် လှူဒါန်းနေပါတယ်။ Tesla CEO Elon Musk ကလည်း PPE ဝတ်စုံတွေ၊ Masks တွေကို UCLA Health Facility ကို လှူဒါန်းခဲ့ပါတယ်။ Facebook CEO Mark Zuckerberg က ကုမ္ပဏီဟာ Masks ၇၂၀,၀၀၀ ကို လှူဒါန်းနေတယ်လို့ ပြောပါတယ်။

Ref : theverge