Apple က COVID-19 ကူးစက်မှုကြောင့် တရုတ်ပြင်ပက စတိုးအားလုံးကို ပိတ်လိုက်ပြီလို့ ဝက်ဘ်ဆိုက်ကနေ ကြေညာလိုက်ပါတယ်။ ကမ္ဘာ့ နိုင်ငံများစွာက အစိုးရတွေကလည်း ဆေးဆိုင်နဲ့ စားသောက်ကုန်ရောင်းတဲ့ ဆိုင်တွေကလွဲပြီး တခြား စတိုးတွေ၊ ဆိုင်တွေကို ပိတ်ပင်ထားဖို့ ညွှန်ကြားထားသလို ပွဲအခမ်းအနားနဲ့ လူစုလူဝေးတွေပြုလုပ်တာကို ရပ်နားခိုင်းထားပါတယ်။
တရုတ် ပြင်ပက Apple စတိုးအားလုံးကို မတ်လ ၂၇ ရက်နေ့ မတိုင်ခင်အထိ ပိတ်ထားမှာ ဖြစ်ပြီး လိုအပ်ရင် ဆက်လက်ပိတ်ထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်မှာ ကိုရိုနာဗိုင်းရက်စ်ကူးစက်တာ လျှော့နည်းလာပြီး အစိုးရက ဗိုင်းရက်စ် ကူးစက်မှု အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တဲ့အတွက် Apple က တရုတ်က စတိုးတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြန်ဖွင့်လှစ်ခဲ့ပါတယ်။ Apple ဟာ သူ့ရဲ့ ထုတ်ကုန်တွေကို အွန်လိုင်းကနေ ရောင်းချပေးနေတဲ့အတွက် Apple အွန်လိုင်းစတိုး ရှိတဲ့ နိုင်ငံတွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Samsung ကလည်း သူ့ရဲ့ စတိုးတွေမှာ ကိုရိုနာဗိုင်းရက်စ်ကို သတ်မယ့်နည်းလမ်းတွေကို ပြုလုပ်ပေးလိုက်ပါတယ်။ Samsung စတိုးမှာ လာပြင်တဲ့ ဖုန်းတွေကို UV Light နဲ့ အခမဲ့ ပိုးသတ်ပေးမယ့် Galaxy Sanitizing Services ကို နိုင်ငံ ၁၉ ခုအတွက် ပြုလုပ်ပေးလိုက်ပါတယ်။ Samsung ဖုန်းတွေအပြင် တခြား ကုမ္ပဏီထုတ် ဖုန်းတွေကိုပါ အခမဲ့ ပိုးသတ်ပေးမှာပါ။
Ref : gsmarena